စပါးအသင်းကတော့ လာမယ့်ဆောင်းရာသီ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်ဖွင့်ချိန်အတွင်းမှာ အသင်းရဲ့ ကိုလံဘီယာဗဟိုနောက်ခံကစားသမား ဒါဗင်ဆင်ဆန်းချက်ဇ်ကို အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်လျက်ရှိနေတယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ အသင်းရဲ့ အဓိကနောက်ခံလူတစ်ယောက် ဖြစ်ပေမယ့်လည်း စပါးအသင်း နောက်ဆုံးကစားသွားခဲ့တဲ့ (၃)ပွဲဆက်တိုက်ကို ပါဝင်ကစားခဲ့ရခြင်းမရှိပဲ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး အသင်းကလည်း လာမယ့်စျေးကွက်အတွင်းမှာပဲ သူ့ကို အသင်းကနေ ရှင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Photo Credit : Football Insider

အသက်(၂၄)နှစ်အရွှယ်ရှိ ကိုလံဘီယာလက်ရွေးစင် နောက်ခံကစားသမား ဒါဗင်ဆင်ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၁ရခုနှစ်ကမှ အေဂျက်စ်ကနေ စပါးအသင်းဆီကို ကလပ်အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းမှာလည်း နေရာတစ်နေရာကို ရရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုက အသင်းရဲ့ ဗဟိုခံစစ်နေရာမှာ အယ်ဒါဝီရယ်နဲ့ ကွင်းလယ်ခံစစ်ကစားသမား အဲရစ်ဒိုင်ယာတို့ကိုပဲ တွဲဖက်ပြီး နေရာပေးနေတာဖြစ်သလို ဆန်းချက်ဇ်ကလည်း ပွဲစဉ်တချို့မှာဆိုရင် အမှားမှားအယွင်းယွင်းတွေ ဖြစ်တတ်တာကြောင့် ဆန်းချက်ဇ်ကို အသင်းမှာ ဆက်သုံးတာထက် လာမယ့်ဆောင်းစျေးကွက်မှာ ရောင်းချသွားချင်နေတာဖြစ်ပါတယ်။

Photo Credit : Goal

စပါးအသင်းက ဒီနှစ်ဘောလုံးရာသီမှာ ရယ်ဂီလွန် ဟွိုင်းဘီယက် ဒိုဟာသီ ဂျိုးရိုဒွန်တို့ကို ခေါ်ယူခဲ့သလို ဘက်တစ်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမား လိုဆယ်ဆိုကိုလည်း အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ဘေးလ်နဲ့ ဗင်နီဆီယပ်စ်တို့ကို တစ်ရာသီအငှားနဲ့ ခေါ်ယူထားခဲ့ပြီး ဂျိုးဟတ်ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပါတယ်။ စုစုပေါင်း အသင်းရဲ့နွေရာသီအသုံးစရိတ်က ယူရိုသန်း(၁၁၀)လောက်အထိကို ရှိလို့နေပြီး အသင်းကနေ ငွေသားနဲ့ ရောင်းချခဲ့တဲ့ ကစားသမားဆိုလို့ နောက်ခံအစွန်လူ ဝေါ်ကာပီတာစ်တစ်ယောက်သာရှိခဲ့ပြီး ယူရို(၁၃)သန်းဝန်းကျင်လေးပဲ ပြန်လည်ရရှိခဲ့ပါတယ်။ ဒါကြောင့်မို့ ဇန်နဝါရီလမှာ အသင်းအတွက် အသုံးမဝင်ဖြစ်နေတဲ့ ကစားသမားတချို့ကို ရှင်းထုတ်သွားဖို့ စီစဉ်လာခဲ့တာဖြစ်ပြီး ဆန်းချက်ဇ်ကိုတော့ ဦးစားပေး ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ ဆန်းချက်ဇ်ကိုတော့ စီးရီးအေကလပ်အသင်းတွေကနေ စိတ်ဝင်စားနေကြပြီး ဇန်နဝါရီလမှာ ခံစစ်မှူးတစ်ယောက်ကို ခေါ်ယူသွားဖို့ အစီအစဉ်ရှိနေတဲ့ ဘာစီလိုနာအသင်းလည်း ဆန်းချက်ဇ်ကို ဆက်သွယ်လာဖွယ် ရှိလာနိုင်ပါတယ်။