တော့တင်ဟမ် ဟော့စပါးအသင်းကတော့ အခု ဆောင်းဈေးကွက်အတွင်းမှာ ကစားသမား အင်အားဖြည့်တင်းမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်လျက် ရှိနေပြီး အခုလည်း ကွင်းလယ်ပိုင်းအတွက် အားဖြည့်မှု တစ်ခုကို ထပ်မံ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်။

စပါးအသင်းဟာ အခု အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမို ဝါနာ နဲ့ ဂျီနိုအာ ခံစစ်ကစားသမားလေး ရာဒူ ဒရာဂူဆင်တို့ကို ခေါ်ယူထားနိုင်ခဲ့တဲ့အပြင် လက်ရှိမှာလည်း ချယ်လ်ဆီး ကွင်းလယ်လူ ကော်နာ ဂယ်လက်ဂါကိုပါ ထပ်မံ ချိန်ရွယ်နေပြန်ပါတယ်။

Photo Credit : Cartilage Free Captain

တကယ်တော့ စပါးအသင်းက ဝါနာ ဒရာဂူဆင်တို့ကို မခေါ်ယူခင် ဂယ်လက်ဂါကို အရင်ဆုံး စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ချယ်လ်ဆီးဘက်က သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၅၀)လောက်အထိ သတ်မှတ်ထားလို့သာ ခေါ်ယူဖို့ ခဲယဉ်းနေတာ ဖြစ်ပါတယ်။

စပါးက လက်ရှိအချိန်မှာ အသင်းရဲ့ အဓိက ကစားသမားတချို့ကို အာရှဖလား နဲ့ အာဖရိကဖလား ပြိုင်ပွဲတွေ စေလွတ်ထားခဲ့ရသလို ဒဏ်ရာရ ကစားသမားတွေလည်း ရှိနေတာကြောင့် ဈေးကွက်မပိတ်ခင်လေး ကွင်းလယ် ကစားသမားတစ်ဦးခန့်လောက် ထပ်မံ ခေါ်ယူချင်နေပါတယ်။

Photo Credit : TEAMtalk

ဒါကြောင့် ချယ်လ်ဆီးက ဂယ်လက်ဂါကို အသင်းထံ အရ ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်လျက် ရှိနေပြီး ချယ်လ်ဆီးအသင်းနဲ့ရော ဂယ်လက်ဂါရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးနေပါတယ်။

တကယ်လို့ စပါးအသင်းက ဂယ်လက်ဂါကိုသာ ခေါ်ယူလိုက်နိုင်မယ်ဆိုရင်တော့ အသင်းရဲ့ ဒိန်းမတ် ကွင်းလယ်လူ ဟွိုက်ဘယက်ကို ရောင်းထုတ်သွားနိုင်ဖွယ် ရှိနေပြီး သူ့ကိုလည်း စီးရီးအေ နဲ့ လာလီဂါက ကလပ်အသင်းတွေက အပြိုင် စိတ်ဝင်စားလျက် ရှိနေကြပါတယ်။