MySport Myanmar

လီဗာပူးလ်နဲ့ သတင်းထွက်နေတဲ့ ပိုစတီကိုဂလူးက အသင်းမှာပဲ ဆက်ရှိလိမ့်မယ်လို့ စပါး ယုံကြည်

နည်းပြကြီး ယာဂင် ကလော့ပ်နဲ့ လက်တွဲဖြုတ်ရတော့မယ့် လီဗာပူးလ်အသင်းဟာ ကလော့ပ်နေရာမှာ အစားထိုးသွားဖို့အတွက် နည်းပြများစွာကို ပစ်မှတ်ထားနေပြီး အဲ့ဒီအထဲမှာ လက်ရှိ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြဖြစ်သူ အန့်ဂျ် ပိုစတီကိုဂလူးလည်း ပါဝင်လို့နေပါတယ်။

သြစတြေးလျလူမျိုး ဆဲလ်တစ်နည်းပြဟောင်း ပိုစတီကိုဂလူးက ဒီရာသီမှ စပါးအသင်းနဲ့ စတင် လက်တွဲခဲ့တာဖြစ်ပြီး အသင်းကိုလည်း အကောင်းဆုံး အခြေအနေတစ်ခု ရောက်ရှိနေအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ပိုစတီကိုဂလူးဟာ စပါးအသင်းကို ကိုင်တွယ်နေရပေမယ့် သူကိုယ်တိုင်က လီဗာပူးလ်အသင်းကို အားပေးသူဖြစ်ပြီး လီဗာပူးလ်က သူတို့ရဲ့ ပဲ့ကိုင်ရှင် နည်းပြကြီး ကလော့ပ်နဲ့ လမ်းခွဲရတော့မယ့်အချိန်မှာ လီဗာပူးလ် နည်းပြသစ် ဖြစ်လာနိုင်မယ့်သူတွေထဲ ပိုစတီကိုဂလူးလည်း ပါဝင်လာခဲ့ရပါတယ်။

ဒါပေမယ့်လည်း The Telegraph ရဲ့ နာမည်ကြီး သတင်းထောက် မတ်လောရဲ့ ဖော်ပြချက်အရ စပါးအသင်းက သူတို့နည်းပြ ပိုစတီကိုဂလူးဟာ လီဗာပူးလ်အသင်းနဲ့ သတင်းထွက်နေသည့်တိုင် သူတို့ဘက်က ဘာမှစိတ်ပူနေစရာ မလိုသလို ပိုစတီကိုဂလူးကိုလည်း အသင်းမှာသာ ဆက်ရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit : The Telegraph

လက်ရှိမှာတော့ နည်းပြ ပိုစတီကိုဂလူးရဲ့ စပါးအသင်းက ဝင်ရောက် ဆင်နွဲစရာ ပြိုင်ပွဲဆိုလို့ ပရီးမီးယားလိဂ် တစ်ခုတည်းသာ ကျန်ရှိနေတော့တဲ့အတွက် ပိုစတီကိုဂလူးက သူ့အသင်းကို Top 4 အတွင်း ဝင်ရောက်နိုင်အောင် အာရုံစိုက် လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ကလည်း ကလော့ပ်နေရာမှာ ကစားသမားဟောင်းကြီး ဇာဘီ အလွန်ဆိုနဲ့ အစားထိုးသွားဖို့ ပြင်ဆင်နေပေမယ့် အလွန်ဆိုက သူတို့အသင်းမှာပဲ တစ်ရာသီလောက် ဆက်ရှိသွားဦးမယ်လို့ လေဗာကူဆင် အားကစား ဒါရိုက်တာက ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version