ဘောလုံးရာသီတစ်ခု ကုန်ဆုံးခါနီးလေးမှာပဲ အသင်းကို တာဝန်ယူကိုင်တွယ်နေတဲ့ နည်းပြဟိုဆေးမော်ရင်ဟိုနဲ့ လက်တွဲဖြုတ်ခဲ့ပြီး အသင်းရဲ့ ကစားသမားဟောင်း ရိုင်ယန်မေဆင်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့တဲ့ စပါးအသင်းဟာ လက်ရှိမှာတော့ အသင်းရဲ့နည်းပြသစ် ခန့်အပ်သွားဖို့အတွက် နည်းပြသစ်တစ်ဦးကို အသည်းအသန် ရှာဖွေလျက်ရှိနေပြီး လတ်တလောမှာ စပါးအသင်းဟာ အသင်းရဲ့နည်းပြဟောင်း မာရီစီယိုပိုချက်တီနိုကိုပါ ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာ ပီအက်စ်ဂျီနည်းပြအဖြစ် တာဝန်ယူဆောင်ရွှက်လို့နေတဲ့ အာဂျင်တီးနားလူမျိုး နာမည်ကျော်နည်းပြ ပိုချက်တီနိုဟာ စပါးအသင်းမှာ (၅)နှစ်နီးပါး ကိုင်တွယ်ခဲ့ပြီး အသင်းကိုလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မှာပဲ စပါးအသင်းဟာ ပိုချက်တီနိုကို အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ပိုချက်တီနိုဟာလည်း ၂၀၂၁ခုနှစ်ထဲမှာပဲ ကစားသမားဘဝတုန်းက ကျင်လည်ခဲ့ဖူးတဲ့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြသစ်တစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ အခုတော့ စပါးအသင်းဟာ သူတို့ရဲ့နည်းပြဟောင်း ပိုချက်တီနိုကို အသင်းဆီ ပြန်လည်ရောက်ရှိလာစေချင်နေတယ်လို့ Independent သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Marca

စပါးအသင်းဟာ အသင်းရဲ့ နည်းပြသစ်ရာထူးအတွက် နည်းပြများစွာကို ချိတ်ဆက်ခဲ့ပေမယ့်လည်း အခုအချိန်ထိ ဘယ်နည်းပြနဲ့မှ အဆင်မပြေသေးတာကြောင့် အသင်းရဲ့နည်းပြဟောင်း ပိုချက်တီနိုကို ပြန်လည်အလိုရှိလာခဲ့ရတာဖြစ်ပါတယ်။ ပိုချက်တီနိုကတော့ ပီအက်စ်ဂျီအသင်းကို စတင်ကိုင်တွယ်ခဲ့ချိန်မှာပဲ အသင်းအတွက် ပြည်တွင်းရှုံးထွက်ဖလား(၂)လုံးကို ရယူပေးနိုင်ခဲ့ပေမယ့် လီဂူးဝမ်းပြိုင်ပွဲဘက်မှာတော့ ချန်ပီယံဆုကို လိုင်လီအသင်းဆီ လွဲပြောင်းပေးခဲ့လိုက်ရတဲ့အပြင် ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အထိသာ ပို့ဆောင်ထားနိုင်ခဲ့တာကြောင့် အသင်းဘက်ကနေ သူ့ကို နည်းပြရာထူးက ထုတ်ပယ်သွားဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ တကယ်လို့ ပီအက်စ်ဂျီနဲ့ ပိုချက်တီနိုတို့သာ လက်တွဲဖြုတ်ဖြစ်မယ်ဆိုရင် စပါးအသင်းကနေ ပိုချက်တီနိုကို အသင်းရဲ့နည်းပြအဖြစ် နောက်တစ်ကြိမ် ခန့်အပ်သွားဖို့ ပြင်ဆင်လာခဲ့မှာဖြစ်ပြီး ပိုချက်တီနိုကိုယ်တိုင်ကလည်း သူရဲ့အသင်းဟောင်းနဲ့ ပြန်လည်လက်တွဲသွားဖွယ် ရှိလာနိုင်ပါတယ်။ စပါးအသင်းဟာ လတ်တလောမှာ ရိုးမားအသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြဖွန်ဆီကာကိုလည်း ပစ်မှတ်ထားနေသလို ဝုလ်ဗ်နည်းပြဟောင်းကြီး နူနိုဆန်းတို့စ်ကိုလည်း အလိုရှိနေပါတယ်။