MySport Myanmar

ပြည်တွင်းကစားသမား အရေအတွက် စည်းမျဉ်းကြောင့် ဒီဂျေစပန့်စ်ကို ခေါ်ယူသွားရမယ့် စပါး

ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းမှာ အင်္ဂလန်နိုင်ငံသား ပြည်တွင်းကစားသမား အရေအတွက် အနည်းဆုံး(၈)ဦး အများဆုံး (၁၇)ဦးအထိ ရှိနေရမယ်ဆိုတဲ့ စည်းမျဉ်းကြောင့် လက်ရှိမှာ အင်္ဂလန်ကစားသမား (၆)ယောက်သာ ရှိနေရတဲ့ တော့တင်ဟမ်ဟော့စပါးအသင်းက မစ်ဒယ်ဘရော့အသင်းရဲ့ အင်္ဂလန် ညာနောက်ခံကစားသမား ဒီဂျေစပန့်စ်ကို အရခေါ်ယူသွားရဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

စပါးအသင်းဟာ လက်ရှိမှာ အင်တာမီလန်အသင်းရဲ့ ခရိုအေးရှား ဝါရင့်တောင်ပံ ကစားသမားကြီး အိုင်ဗန်ပါရီဆစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့သလို ဆောက်သမ်တန်အသင်းရဲ့ ဂိုးသမား ဖရေဆာဖော်စတာကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ ထပ်မံခေါ်ယူသွားနိုင်တော့မှာ ဖြစ်ပါတယ်။ ကစားသမားသစ်(၂)ဦးခန့် အသင်းဆီ ရောက်ရှိတော့မှာ ဖြစ်ပေမယ့်လည်း လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိထားတဲ့ စပါးအသင်းအနေနဲ့ မစ်ဒယ်ဘရော့အသင်းရဲ့ အရည်အသွေးမြင့် ညာနောက်ခံကစားသမားလေး ဒီဂျေစပန့်စ်ကို မဖြစ်မနေ ခေါ်ယူသွားဖွယ်ပါ ရှိနေပါတယ်။

Photo Credit : Sky Sports

အသက်(၂၁)နှစ်အရွှယ်သာ ရှိနေသေးတဲ့ စပန့်စ်ဟာ ဖူလ်ဟမ်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ လန်ဒန်မြို့သားလေးဖြစ်ပြီး ၂၀၁၈ခုနှစ်ကတည်းက မစ်ဒယ်ဘရော့အသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ရင်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ နော်တင်ဟမ်ဖောရက်စ်အသင်းဆီ အငှားသွားရောက် ကစားခဲ့ရပါတယ်။ နော်တင်ဟမ်အတွက် ပွဲပေါင်း(၄၆)ပွဲအထိကို ပါဝင်ကစားခဲ့ရတဲ့ စပန့်စ်ဟာ နော်တင်ဟမ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်လို့ နော်တင်ဟမ်ဘက်က သူ့ကို အပြီးသတ် ခေါ်ယူချင်နေတဲ့အပြင် အာဆင်နယ် စပါး ဘရန့်ဖို့ဒ်တို့လို လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်အသင်းတွေအပြင် ဘိုင်ယန်မြူးနစ်ကပါ စပန့်စ်ရဲ့ ခြေစွမ်းတွေကို စောင့်ကြည့်လို့နေပါတယ်။ Daily Express သတင်းမီဒီယာရဲ့ ဖော်ပြချက်အရတော့ အင်္ဂလန်-ဂျမေကာနွယ်ဖွား စပန့်စ်ကို စပါးအသင်းက ခေါ်ယူသွားနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပြီး လာမယ့်ရက်သတ္တပတ်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ်လည်း ရှိနေပါတယ်။ right-back ရော right-midfielder အဖြစ်ပါ ပါဝင်ကစားတတ်သူဖြစ်တဲ့ စပန့်စ်အတွက် ပြောင်းရွှေ့ကြေးကိုတော့ အနိမ့်ဆုံး ပေါင်(၁၅)သန်းလောက် သတ်မှတ်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

Exit mobile version