ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူသွားဖို့ ခက်ခဲလို့နေရတဲ့ စပါးအသင်းဟာ လက်ရှိမှာတော့ ဖီအိုရင်တီးနားအသင်းရဲ့ မော်ရိုကို ကွင်းလယ်ကစားသမားဖြစ်သူ ဆိုဖီယန်အမ်ရာဘတ်ကို အသင်းဆီ အရခေါ်ယူသွားဖိုု့အတွက် အခြေအနေတွေ ကောင်းမွန်လာခဲ့ရပြီး ကစားသမားကိုယ်တိုင်ကပါ စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : TEAMtalk

စပါးအသင်းဟာ အခု ဆောင်းစျေးကွက် မပိတ်သိမ်းခင်မှာ အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ အမ်ဒွန်ဘီလီကို ပီအက်စ်ဂျီအသင်းဆီ အငှားချသွားဖို့ လုပ်ဆောင်နေတာဖြစ်ပြီး နောက်ထပ် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဒယ်လီအလီနဲ့ လိုဆယ်ဆိုတို့ကိုပါ အသင်းကနေ ရှင်းထုတ်ချင်နေတဲ့အတွက် ကွင်းလယ်ပိုင်းကို ပြန်လည်အားဖြည့်ဖို့ အမ်ရာဘတ်ကို အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွှယ်ရှိ မော်ရိုကို လက်ရွေးစင် ကွင်းလယ်ကစားသမား အမ်ရာဘတ်ဟာ လက်ရှိ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး ကွင်းလယ်ခံစစ်နေရာမှာ အဓိက ပါဝင်ကစားတတ်သူလည်း ဖြစ်ပါတယ်။

Photo Credit : Daily Nation Today

ဗြိတိန်ရဲ့ နာမည်ကျော် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Athletic ရဲ့ ဖော်ပြချက်မှာ အမ်ရာဘတ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဖီအိုရင်တီးနားအသင်းမှာ ပွဲကစားခွင့် အကန့်အသတ်တွေ ရှိနေရပြီး နည်းပြဗန်ဇင်နိုလက်အောက်မှာ မကစားချင်တော့တဲ့အတွက် ဒီအပြောင်းအရွှေ့ စျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားချင်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို သိရှိနေတဲ့ စပါးအသင်းရဲ့ ဒါရိုက်တာ ဖာဘီယိုပါရာတီချီက အမ်ရာဘတ်ကို ခေါ်ယူသွားဖို့ ဖီအိုရင်တီးနားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လာခဲ့ပြီး ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူသွားဖို့ ကမ်းလှမ်းထားရာ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က အခြေအနေ များနေပေမယ့် ကစားသမားက လက်ရှိ မော်ရိုကိုအသင်းနဲ့ အာဖရိကဖလားပြိုင်ပွဲ ဆင်နွဲနေတာဖြစ်လို့ သူရဲ့ အပြောင်းအရွှေ့ထက် နိုင်ငံအသင်းကို ပိုမိုအာရုံစိုက်နေရတာကြောင့် အပြီးသတ်ဖို့က ကြန့်ကြာနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရာသီအတွင်း စီးရီးအေ(၁)ပွဲလေးသာ ပွဲထွက်ကစားထားခဲ့ရတဲ့ အမ်ရာဘတ်ကို သူ့ကို အလိုရှိနေတဲ့ စပါးအသင်းဆီကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိလို့နေပြီး စျေးကွက်မပိတ်သိမ်းခင်မှာပဲ သူရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်အောင် လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။