MySport Myanmar

ဆာဗင်ဟိုကို ခေါ်ယူဖို့ မန်စီးတီးနဲ့ တရားဝင် ဆွေးနွေးနေတဲ့ စပါး

တော့တင်ဟမ် ဟော့စပါးအသင်းဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ဆာဗင်ဟိုကို ခေါ်ယူနိုင်ဖို့အတွက် ကလပ်အသင်းအချင်းချင်း တရားဝင် ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်များအရ သိရပါတယ်။

အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အသင်းနှစ်သင်းကြား ညှိနှိုင်းမှုတွေ ပြုလုပ်နေပြီဖြစ်ကာ ကစားသမားဖြစ်သူ ဆာဗင်ဟိုကိုယ်တိုင်ကလည်း ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိပါက စပါးအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ စပါးအသင်းရဲ့ နည်းပြသစ် သောမတ်စ် ဖရန့်ခ်ဟာ ဆာဗင်ဟိုကို သူ့ရဲ့ကစားကွက်အတွက် အသင့်တော်ဆုံး ကစားသမားအဖြစ် သတ်မှတ်ထားပြီး အဓိကပစ်မှတ်အဖြစ် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Manchester City

အသက်(၂၁)နှစ်အရွယ် ဆာဗင်ဟိုဟာ စီးတီးဂရုရဲ့ ကလပ်တစ်ခုဖြစ်တဲ့ ထရွိုင်းအသင်းကနေ ပြီးခဲ့တဲ့ရာသီက ဂျီရိုနာအသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြကာ ဥရောပရဲ့ အကောင်းဆုံး တောင်ပံကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ သူ့ရဲ့ အရှိန်အဟုန်၊ လျင်မြန်တဲ့ စွမ်းရည်နဲ့ ဖန်တီးမှုတွေကြောင့် နာမည်ကြီးလာခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီမှာကမှ မန်စီးတီးအသင်းထံ တရားဝင် ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ဒါပေမယ့်လည်း မန်စီးတီးရဲ့ တိုက်စစ်ပိုင်းမှာ ဂျက်ဂရီးလစ်ရှ်၊ ဂျယ်ရမီ ဒိုကူ၊ ဖေးလ် ဖိုဒန်တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ ပြည့်နှက်နေတာကြောင့် ဆာဗင်ဟိုအတွက် ပွဲထွက်ခွင့်ရဖို့ အလွန်ခက်ခဲနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် စီးတီးအသင်းအနေနဲ့ သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရရှိပါက သူ့ကို ပြန်လည်ရောင်းချဖို့ စဉ်းစားဖွယ်ရှိနေပြီး ဒီအခြေအနေကို စပါးအသင်းက အသုံးချဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

Photo Credit : Manchester City

သောမတ်စ် ဖရန့်ခ်ရဲ့ နည်းစနစ်ပိုင်းအရ တောင်ပံတိုက်စစ်ကို အားပြုကစားလေ့ရှိတာကြောင့် ဆာဗင်ဟိုရဲ့ ကစားဟန်ဟာ စပါးအသင်းအတွက် အံဝင်ခွင်ကျဖြစ်နိုင်ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို ပိုမိုမြှင့်တင်ပေးနိုင်မယ့် ကစားသမားအဖြစ် ရှုမြင်ထားပါတယ်။

လက်ရှိမှာတော့ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး သဘောတူညီမှုရရှိပါက ဆာဗင်ဟိုကို စပါးဂျာစီနဲ့ မြင်တွေ့ရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။

Exit mobile version