ဒီနေ့ည ၁၁နာရီအချိန်မှာတော့ ဒီတစ်ပတ်ထဲမှာ ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)ရဲ့ပွဲစဉ်များထဲကမှ စိတ်ဝင်စားစရာအကောင်ဆုံးပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံကြတဲ့ပွဲမှာ အားလုံးယူဆထားကြသလို အတော်လေး အကြိတ်အနယ်ရှိခဲ့ပြီး အိမ်ရှင်စပါးအသင်းက နာရီဝက်နီးပါးလောက် ကစားသမားတစ်ယောက်အသာနဲ့ ကစားခဲ့ရကာ ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

မော်ရင်ဟိုရဲ့စပါးအသင်းကတော့ PSV အသင်းကနေ ခေါ်ယူထားတဲ့ ကစားသမားသစ်လေး ဘာ့ဂျ်ဝင့်ချ်ကို ပွဲထွက်ကစားသမားစာရင်းမှာ အသုံးပြုလာခဲ့ပြီး အလီ ဆွန်ဟောင်မင် မော်ရာ ဟယ်ရီဝင့်စ် လိုဆယ်ဆို အယ်ဒါဝီရယ် တန်ဂါဂါ အော်ရီယာ ဆန်းချက်ဇ် လိုရစ်တို့နဲ့ တွဲဖက်ပွဲထုတ်ခဲ့ပါတယ်။ မန်စီးတီးကတော့ လာပေါ့တ်ကို ကြံခိုင်မှုပြသာနာတွေကြောင့် ဒီပွဲကို လွဲချော်ခဲ့သလို သူ့နေရာမှာ ဖာနန်ဒင်ဟို ပြန်လည်ဝင်ကစားခဲ့သလို ကျန်တဲ့နေရာတွေမှာတော့ အဂူရို စတာလင် ဒီဘရိုင်း မာရက်ဇ် ဂန်ဒိုဂန် ရိုဒရီ အော်တာမန်ဒီ ဇင်ချန်ကို ဝေါ့ကာ အီဒါဆန်တို့ကို သုံးစွဲလာခဲ့ပါတယ်။ ပထမပိုင်း ပွဲချိန်အများစုမှာ မန်စီးတီးက သူတို့ရဲ့ထုံးစံအတိုင်း စပါးကို အသာစီးရယူ ကစားနိုင်ခဲ့ပြီး စပါးကတော့ ကောင်တာတွေနဲ့ပဲ မန်စီးတီးဘက်ကို ထိုးဖောက်ခဲ့ရကာ သိပ်လည်းမထိရောက်ခဲ့ပါဘူး။ မိနစ်၄၀လောက်မှာ VAR ပြန်လည်စစ်ဆေးမှုကနေတဆင့် မန်စီးတီးတို့ ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့် ဂန်ဒိုဂန်ကန်ချက်ကို လိုရစ်ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပင်နယ်တီက အငြင်းပွားစရာ ဖြစ်ခဲ့ရပြီး အဖွင့်ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာ နစ်နာစရာ ဖြစ်ခဲ့သလို ပွဲချိန်အတွင်း အဂူရိုရဲ့ကန်ချက် တိုင်ထိခဲ့တာကလည်း မန်စီးတီးအတွက် နစ်နာခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း မန်စီးတီးကပဲ ဆက်လက်ဖိအားပေးထားနိုင်ခဲ့ပြီး စပါးနောက်ခံလူတွေရဲ့အမှားကနေတစ်ဆင့် မန်စီးတီးတို့ အပိုင်အခွင့်ရေးကြီးတစ်ခု ရရှိခဲ့ပေမယ့်လည်း ပင်နယ်တီကို ဝင်အောင်မကန်နိုင်ခဲ့တဲ့ ဂန်ဒိုဂန်ကပဲ ကန်သွင်းခဲ့ရာမှာ ထပ်မံလွဲချော်ခဲ့ရပြန်ပါတယ်။ ပွဲချိန်၆၁မိနစ်မှာတော့ ကောင်တာကနေ တိုက်စစ်ဆင်ဖို့ ကြိုးစားလာတဲ့ ဟယ်ရီဝင့််ကို ကစားပုံကြမ်းမိခဲ့တဲ့ ဇင်ချန်ကိုကို ၂ဝါ၁နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။ ကစားသမား၁ယောက် အသာရသွားပြီး ၂မိနစ်အကြာမှာပဲ စပါးအသင်းကနေ ကစားသမားသစ် ဘာ့ဂျ်ဝင့်ချ်ရဲ့သေသပ်လှတဲ့ အဝေးကန်ချက်ကို ဧည့်သည်မန်စီးတီးဘက်ကို စတင်ဦးဆောင်ခဲ့ရပါတယ်။ ဒါ့အပြင် အဖွင့်ဂိုးရပြီး ၈မိနစ်အကြာမှာပဲ ဆွန်ဟောင်မင်ကပါ စပါးအတွက် နောက်ထပ်ဒုတိယဂိုးကို ဧရိယာအပြင်ဘက်ကနေ ထပ်မံသွင်းယူပေးသွားခဲ့ပါတယ်။