ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်လေးရှိနေတဲ့ စပါးအသင်းကတော့ ဒီနေ့ညမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ လက်စတာစီးတီးအသင်း ပရီးမီးယားလိဂ်ပွဲစဉ်(၃၇) ပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ယှဉ်ပြိုင်ကစားခဲ့ရပြီး စပါးအသင်းက ပုံစံကောင်းပြသနိုင်ခဲ့ပြီး ပထမပိုင်းအတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ လက်စတာကို (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်စပါးအသင်းမှာ ဟယ်ရီကိန်း ဆွန်ဟောင်မင် မော်ရာ လိုဆယ်ဆို ဟယ်ရီဝင့်စ် ဆစ်ဆိုခို အော်ရီရာ အယ်ဒါဝီရယ် ဆန်းချက် ဘင်ဒေးဗီစ်နဲ့ လိုရစ်တို့ ပါဝင်လာခဲ့သလို ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ လက်စတာလည်း ဗာဒီ အယိုဇီပီရက်ဇ် ဟာဗေးဘမ်းစ် သောမတ်စ် တိုင်လီမန်းစ် အမ်ဒီဒီ ဂျက်စတင် အီဗန် မော်ဂန် ဘန်နန် ရှမိုက်ကယ်တို့ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ဧည့်သည်လက်စတာက စပါးကို အကောင်းဆုံးယှဉ်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုတွေ ဂိုးပေါက်ခြိမ်းခြောက်မှု ပိုမိုလုပ်ဆောင်နိုင်ခဲ့ပေမယ့် စပါးက ဒီနေ့မှာ မော်ရင်ဟိုရဲ့စပါးပီသခဲ့ပြီး ကောင်တာတွေကနေ ရရှိလာတဲ့ အခွင့်အရေးတိုင်းကို အကောင်းဆုံးအသုံးချခဲ့ရင်း ပထမပိုင်းမှာပဲ (၃)ဂိုးထိတောင် ပြတ်သွားခဲ့ရပါတယ်။ အဖွင့်ဂိုးကတော့ ဆွန်ကန်ချက် ဂျက်စတင်နဲ့ထိဝင်သွားခဲ့ပြီး နောက်ဂိုးတွေကိုတော့ ကိန်းက သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပွဲချိန်တွေအတွင်းမှာတော့ ဂိုးပြတ်ဦးဆောင်ထားတဲ့ စပါးအသင်းက ရလဒ်ကိုထိန်းကစားလာခဲ့ပြီး ခံစစ်ပိုင်းကို ပိုမိုအာရုံစိုက်လာခဲ့ပါတယ်။ လက်စတာကတော့ သွင်းဂိုးတွေ ပြန်လည်ရရှိအောင် ထိုးဖောက်မှုတွေကို လုပ်ဆောင်ခဲ့သလို လူစားဝင်လာခဲ့တဲ့ တောင်ပံကစားသမားဂါရေးရဲ့ ဖရီးကစ်ကနေလည်း သွင်းဂိုးပြန်ရဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဂိုးတွေပြန်ရအောင် လက်စတာတို့ ထိုးဖောက်နိုင်ခဲ့ပေမယ့် ထိုးဖောက်မှုတွေက ထိရောက်မှုသိပ်မရှိပဲ ကိန်းတောင် ဟက်ထရစ်ရမယ့် အခွင့်အရေး လူကျွံနေလို့ လက်လွတ်ခဲ့ရပါတယ်။