နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း သိပ်အားရစရာမရှိသေးရင်တောင်မှ ရလဒ်ပိုင်းတွေ တိုးတတ်လာခဲ့တဲ့ စပါးအသင်းဟာ ဒီနေ့မှာတော့ တန်းမဆင်းရအောင် ရုန်းကန်လို့နေရတဲ့ အက်စတွန်ဗီလာအသင်းရဲ့အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)အဖြစ် သွားရောက်ကစားခဲ့ရပြီး ပွဲစဉ်က အတော်လေးကို အကြိတ်အနယ်ရှိခဲ့ကာ ဧည့်သည်စပါးအသင်းက ၃ဂိုး ၂ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဒီပွဲမှာ ဧည့်သည်စပါးအသင်းက ဆွန် အလီ ဘာ့ဂ်ဝင်းချ် မော်ရာ ဒိုင်ယာ ဝင့် အော်ရီယာ အယ်ဒါဝီရယ် ဘင်ဒေးဗီစ် ဆန်းချက်ဇ်နဲ့ လိုရစ်တို့ ပါဝင်လာခဲ့ပြီး လိုဆယ်ဆို တန်ဂါဂါနဲ့ ဗာတွန်ဂန်တို့ကို အရန်မှာပဲ ထည့်သွင်းလာခဲ့ပါတယ်။ အိမ်ရှင်ဗီလာကလည်း ဂရီးလစ်ရှ် ဆမန်သာ အယ်ဂါဇီ ဒေါက်ကလပ်လုဇ် ဒရင့်ဝါးတား ရိန်နာတို့လို ကစားသမားကောင်းတွေနဲ့ စပါးအသင်းဘက်ကို အကောင်းဆုံးရင်ဆိုင်လာဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ပထမပိုင်းမှာ ဗီလာရဲ့ကစားဟန်က တခြားပွဲတွေကထက် ထူးခြားကောင်းမွန်ပါတယ်။ အိမ်ကွင်းမာဂုဏ်ကို ပြသနိုင်ခဲ့ပြီး အဆုံးသတ်အားနည်းခဲ့လို့သာ ဂိုးတွေမရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဖွင့်ဂိုးကိုတော့ ၉မိနစ်မှာပဲ ပိုင်ဆိုင်ခဲ့ပြီး လိုရစ်နဲ့အယ်ဒါဝီရယ်တို့ တိုင်ပင်အောက်နေခဲ့ရာကနေ အယ်ဒါဝီရယ်က Own Goal သွင်းယူမိတာဖြစ်ပါတယ်။ ဒါပေမယ့် အယ်ဒါဝီရယ်ကပဲ စပါးအတွက် ချေပဂိုးကို ပြန်လည်သွင်းယူခဲ့လို့ Zero ကနေ Hero ပြန်ဖြစ်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဗီလာတို့ အငြင်းပွားဖွယ် ပင်နယ်တီသတ်မှတ်ခံရပြီး ဒါက ဆွန်ကန်သွင်းရာ ရိန်နာကာကွယ်နိုင်ပေမယ့် ပြန်ထွက်လာတာကို နောက်တစ်ကြိမ်ပိတ်သွင်းခဲ့ရာ ဂိုးရသွားခဲ့ပါတယ်။

ပထမပိုင်းမှာကတည်းက ပုံစံကောင်းပြနိုင်ခဲ့ပေမယ့် မမျှော်လင့်ပဲ သွင်းဂိုးတွေကို ခွင့်ပြခဲ့ရတဲ့ ဗီလာက ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ ဖိဖိစီးစီး ပိုမိုကစားလာခဲ့ပြီး ၅၃မိနစ်မှာပဲ ထောင့်ကန်ဘောကနေတစ်ဆင့် ချေပဂိုးပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ သူရဲ့ဖြတ်ထုတ်မှုကြောင့် ပင်နယ်တီသတ်မှတ်ခံခဲ့ရတဲ့ နောက်ခံလူ အန်ဂယ်စ်ကနေ ခေါင်းတိုက်သွင်းယူပေးသွားတာဖြစ်ပါတယ်။ ၂ဂိုးစီသရေကျသွားချိန်မှာ အသင်းနှစ်သင်းကြား အမှတ်ပြည့်ရရှိနိုင်ဖို့အတွက် ထိုးဖောက်မှုတွေကို အပြန်အလှန်ပြုလုပ်ခဲ့ကြပေမယ့် စပါးဘက်က ဆွန်ဟောင်မင်ရဲ့ကန်ချက်တွေကို ရိန်နာကာကွယ်နိုင်ခဲ့ပြီး ပွဲပြီးခါနီးလေ ဗီလာက သရေတစ်မှတ်ကိုပဲ ဦးတည်လာခဲ့ကာ သရေကျဖို့ နီးစပ်ခဲ့ပေမယ့်လည်း နာကျင်အချိန်ပိုမှာ ဆွန်က စပါးအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။