စပါးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ကစားသမားသစ်တွေကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် ငွေကြေးသုံးစွဲမှုတွေကိုတော့ များစွာလုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ အသင်းနည်းပြ ဂျိုဆေးမော်ရင်ဟိုကိုယ်တိုင် ဝန်ခံပြောဆိုထားခဲ့တာကြောင့် ပြောင်းရွှေ့ကြေးအရ သက်သာနိုင်မယ့် ကစားသမားမျိုးကိုသာ ပစ်မှတ်ထားဖွယ်ရှိနေပြီး လက်ရှိမှာတော့ လက်စတာအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ဒီမာရိုင်းဂရေးကို ပစ်မှတ်ထားနေတယ်လို့ The Times ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : TSN

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဂရေးဟာ ဘာမင်ဂမ်လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၆ခုနှစ်မှာပဲ လက်စတာစီးတီးအသင်းဆီကို ယူရို(၄)သန်းခန့်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘယ်တောင်ပံနေရာမှာ ကစားတတ်သူဖြစ်တဲ့ ဂရေးဟာ လက်စတာမှာ ထင်ထားသလောက် ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်နေရသလို ပွဲထွက်ကစားခွင့်တွေ နည်းပါးနေပြီး သူနဲ့လက်စတာအသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာလည်း လာမယ့် ၂၀၂၁ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

Photo Credit : Sky Sports

ဂရေးဟာ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၈)ပွဲ ပါဝင်ကစားထားခဲ့ရပေမယ့် အဲ့ဒီပွဲတွေထဲကမှ (၃)ပွဲပဲ ပွဲထွက်ကစားအဖြစ် ကစားခဲ့ရတာဖြစ်ပါတယ်။ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကတော့ ဂရေးကို အသင်းရဲ့လူစာရင်းမှာ သိပ်အသုံးပြုခြင်း မရှိရတာက ဂရေးအနေနဲ့ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေအပိုင်းမှာ တိုးတတ်ဖို့ လိုအပ်နေသေးတာကြောင့်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ ဂရေးဟာ အလိမ်အခေါက်တွေနဲ့ အဝေးကန်ချက်တွေ ကောင်းမွန်တဲ့ ကစားသမားဖြစ်လို့ သူ့ကို ကလပ်အသင်းတွေများစွာက စိတ်ဝင်စားလျက်ရှိနေပြီး လက်စတာဘက်ကလည်း ဒီကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှံးရဖို့အတွက် လာမယ့်စျေးကွက်အတွင်းမှာပဲ မူလတန်ကြေးထက် ထက်ဝက်လျှော့ချထားတဲ့ စျေးနှုန်းနဲ့ ရောင်းချရဖွယ် ရှိနေပါတယ်။ ဒါကြောင့်လည်း နွေစျေးကွက်အတွင်းမှာ ငွေကြေးပိုင်း ချွေတာသုံးစွဲရမယ့် စပါးအသင်းက ဂရေးကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး ယူရို(၁၅)သန်းဝန်းကျင်လောက်နဲ့ပင် အပြောင်းအရွှေ့ဖြစ်မြောက်သွားနိုင်ပါတယ်။ စပါးအသင်းဟာ လက်ရှိမှာ ဆောက်သမ်တန်ကွင်းလယ်ကစားသမား ဟော့ဘတ်ချ်ကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းလျက်ရှိနေပါတယ်။