ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်တဲ့နေ့မှာ မန်စီးတီးနဲ့အာဆင်နယ်လို ပွဲကြီးပွဲကောင်းပွဲစဉ် ပါဝင်ခဲ့ပေမယ့် ပွဲက ထင်သလောက် အရမ်းကြည့်မကောင်းခဲ့ပဲ ဒီနေ့ည (၁)နာရီ(၄၅)မိနစ်အချိန် Tottenham Hotspur Stadium ကွင်းကြီးအတွင်းမှာ ယှဉ်ပြိုင်ကြမယ့် စပါးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ကပဲ ဘောလုံးပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်စားနိုင်မယ့်ပွဲ ဖြစ်လာနိုင်ပါလိမ့်မယ်။ ဒီပွဲအကြောင်းကို သုံးသပ်ဆွေးနွေးကြည့်ရအောင်ခင်ဗျာ။

အိမ်ရှင်အဖြစ်နဲ့ ကစားသွားရမယ့် စပါးအသင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေကို မရပ်နားခင် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ရတယ်ဆိုပေမယ့် အခုအချိန်မှာ ဟယ်ရီကိန်း ဆွန်ဟောင်မင် ဘာ့ဂျ်ဝင်းတို့အားလုံး ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီဖြစ်လို့ အင်အားတောင့်တင်းနေမှာပါ။ ဒါပေမယ့် အလီကတော့ သူရဲ့အပြုအမှုဆိုးကြောင့် (၁)ပွဲပြစ်ဒဏ် ချခံထားရလို့ ဒီပွဲကို လွဲချော်ရမှာဖြစ်ပါတယ်။ စပါးက ယူနိုက်တက်ကို အိမ်ကွင်းမှာ ဆုံခဲ့ရတဲ့ နောက်ဆုံး(၅)ပွဲမှာ (၃)ပွဲအထိကို အနိုင်ရယူထားခဲ့ပါတယ်။

 

ယူနိုက်တက်ကတော့ စပါးနဲ့ပြောင်းပြန်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်မဖြစ်ခင် ရလဒ်တွေ တောက်လျှောက်ကောင်းခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာလည်း (၁)ပွဲပဲ သရေကျထားကာ ကျန်ပွဲတွေကို အနိုင်ရခဲ့ပါတယ်။ အရှိန်ကောင်းတစ်ခုကိုက ကိုရိုနာကြောင့် ရပ်တန့်ခဲ့ရပေမယ့် ရပ်ဖိုဒ့်နဲ့ပေါ့ဘာတို့လို အရေးကြီးကစားသမားတွေ ဒဏ်ရာကနေ ပြန်လည်သက်သာလာတာတော့ အားရစရာကောင်းပါတယ်။ နောက်ပြီး ယူနိုက်တက်က Big 6 အသင်းတွေနဲ့ ကစားရတဲ့ပွဲတွေတိုင်းမှာ ရလဒ်တွေ ပိုကောင်းနေတတ်ပါတယ်။

ဒီပွဲက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နှစ်သင်းလုံး အမှားခံလို့မဖြစ်တဲ့ပွဲတစ်ပွဲ ဖြစ်လို့နေရပြီး အဓိကတော့ စပါးအသင်းသာ ဒီပွဲကို အရေးနိမ့်သွားမယ်ဆို အဆင့်(၄)နေရာက ချယ်လ်ဆီးနဲ့ (၁၀)မှတ်အထိပါ ပြတ်တောက်သွားနိုင်ပါတယ်။ ယူနိုက်တက်ရဲ့ ဒီရာသီ အဝေးကွင်းရလဒ်တွေကို ကြည့်ပြန်တော့လည်း အားရစရာ အနေအထားမှာရှိမနေတဲ့အပြင် (၆)ပွဲအထိတောင် အရေးနိမ့်ထားခဲ့ရပါတယ်။ နှစ်သင်းလုံးက ဘောလုံးပွဲမကစားဖြစ်တာ ကြာမြင့်နေပြီဖြစ်လို့ ခြေစွမ်းတွေကို မှန်းဆရခက်နိုင်ပြီး အိမ်ရှင်တို့ အနိမ့်ဆုံးသရေတော့ ရယူနိုင်ပါလိမ့်မယ်။