ပြီးခဲ့တဲ့ Super Sunday နေ့ရက်တုန်းက ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အိမ်ကွင်းမှာ မန်စီးတီးအသင်းကို ၂ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ စပါးအသင်းဟာ ဒီနေ့မှာတော့ အက်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာပဲ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး အကြိတ်အနယ်ကစားခဲ့ရာကာ စပါးက ၃ဂိုး၂ဂိုးနဲ့ အနိုင်ယူခဲ့ရင်းနဲ့ နောက်တစ်ဆင့်မှာ နော်ဝစ်ချ်စီးတီးနဲ့ တွေ့ဆုံရတော့မှာဖြစ်ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်စပါးအသင်းက ဒီနေ့ပွဲစဉ်မှာ ၄-၃-၃ ကစားကွက်ကို အသုံးပြုလာခဲ့ပေမယ့်လည်း လိုဆယ်ဆို အလီ ဘာ့ဂ်ဝင်းချ်တို့လို အဓိက ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းလာခြင်းမရှိပဲ မော်ရာ ဆွန်ဟောင်မင် ဆက်ဆီနွန် အမ်ဒွန်ဘီလီ ဟယ်ရီဝင့်စ် အဲရစ်ဒိုင်ယာ ဗာတွန်ဂန် အယ်ဒါဝီရယ် အော်ရီယာ တန်ဂါဂါ လိုရစ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမအကျော့ စိန့်မေရီမှာ ကစားခဲ့စဉ်တုန်းက စပါးအသင်းကို အခက်တွေ့အောင် ကစားနိုင်ခဲ့တဲ့ ဆောက်သမ်တန်အသင်းက ဒန်နီအင့်စ် ရှိန်းလောင်း ဘူဖယ်လ် ရက်ဒ်မွန်တို့လို အမာခံကစားသမားတွေနဲ့ကို အသုံးပြုလာခဲ့ကာ ဒီပြန်ကန်ပွဲမှာလည်း အိမ်ရှင်အသင်းကို အခက်ကြုံအောင် ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက ဧည့်သည်ဆောက်သမ်တန်အသင်းက စပါးခံစစ်ကို အကြိမ်ကြိမ်ဒုက္ခပေးနိုင်ခဲ့ပေမယ့်လည်း အဖွင့်ဂိုးကိုတော့ အိမ်ရှင်အသင်းက အရင်ရခဲ့တာဖြစ်ပြီး အမ်ဒွန်ဘီလီရဲ့ကန်ချက် ဆောက်သမ်တန်နောက်ခံလူ စတီဖင်စ်ထိကာ လမ်းကြောင်းပြောင်းဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပထမပိုင်းအတွင်း တောက်လျှောက်တိုက်စစ်ဆင်နိုင်ခဲ့တဲ့ ဆောက်သမ်တန်အသင်းရဲ့ထိုးစစ်တွေကြောင့် ၃၄မိနစ်မှာပဲ ဆောက်သမ်တန်ကို ချေပဂိုးပြန်လည်ခွင့်ပြခဲ့ရာကာ ရှိန်းလောင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း ဆောက်သမ်တန်အသင်းကသာ စပါးဘက်ကို ပိုမိုဖိအားပေးကစားနိုင်ခဲ့ရာကနေ ရ၂မိနစ်မှာ ရက်ဒ်မွန်ရဲ့ဖန်တီးမှုကနေတစ်ဆင့် ဒန်နီအင့်စ်က ဆောက်သမ်တန်အတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အင့်စ်ရဲ့သွင်းဂိုးအပြီး ၆မိနစ်အကြာမှာတော့ မော်ရာက စပါးအတွက် အရေးပါတဲ့ ချေပဂိုးကို တစ်ကိုယ်တော်ခြေစွမ်းနဲ့ သွင်းယူနိုင်ခဲ့ပြီး ၈၇မိနစ်မှာလည်း ဆွန်ဟောင်မင်က သူ့ကြောင့်ရတဲ့ ပင်နယ်တီကန်သွင်းခွင့်ကို အမှားအယွင်းမရှိ အဆုံးသတ်ရင်းနဲ့ စပါးကို အက်အေဖလား ပဥ္စမအဆင့်ဆီ ပို့ဆောင်နိုင်ခဲ့ပါတယ်။