ဒီနေ့ သောကြာနေ့ည (၁)နာရီ(၄၅)မိနစ်အချိန် ဘောလုံးပရိသတ်တွေ စောင့်စားနေရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ရဲ့ အကောင်းဆုံးသောပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ပွဲစဉ်အတွင်းမှာတော့ နှစ်သင်းစလုံး အကြိတ်အနယ် ရေကုန်ရေခမ်း ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဖက်ကို (၁)ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။

Photo Credit : Getty Image

အိမ်ရှင်စပါးအသင်းက ဟယ်ရီကိန်း ဆွန်ဟောင်မင် လာမယ်လာ ဘာ့ဂျ်ဝင်း ဒိုင်ယာ ဟယ်ရီဝင့် ဆန်းချက်ဇ် ဆစ်ဆိုခု် ဒေးဗီစ် အော်ရီယာ လိုရစ်တို့နဲ့ ပွဲထွက်လာခဲ့သလို ယူနိုက်တက်အသင်းကလည်း ရပ်ဖိုဒ့် မာစီယဲလ် ဒင်နီရယ်ဂျိမ်းစ် ဖာနန်ဒက်စ် ဖရက်ဒ် တွမ်မီနေး လုခ်ရှော လင်ဒီလော့ မက်ဂွိုင်းယား ဝမ်ဘစ်ဆာခါ ဒီဂီယာတို့နဲ့ စပါးကို ရင်ဆိုင်လာခဲ့ပါတယ်။ ကွင်းလယ်နဲ့တိုက်စစ်မှာ လူစုံနီးပါး ပါဝင်လာခဲ့တဲ့ စပါးအသင်းကို ယူနိုက်တက်ထက် ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေမှသာ အသာမရခဲ့ပေမယ့် ထိထိရောက်ရောက် ကစားနိုင်ခဲ့လို့ ယူနိုက်တက်က ကွင်းလယ်ပိုင်းပျော့နေပြီး ဘယ်ခြမ်းခံစစ်ဘက်ကလည်း ခဏခဏပေါက်လို့နေပါတယ်။ ပွဲကစားချိန်(၂၇)မိနစ်မှာတော့ နယ်သာလန်ကစားသမားလေး ဘာ့ဂ်ဝင်းချ်က သူနဲ့သတင်းထွက်ခဲ့ဖူးတဲ့ ယူနိုက်တက်ဘက်ကို သူရဲ့လျင်မြန်ဖြတ်လတ်မှုနဲ့ သွင်းဂိုးစတင်သွင်းယူခဲ့ကာ စပါးကို ဦးဆောင်စေခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ယူနိုက်တက်အသင်းဘက်က ချေပဂိုးပြန်လည်သွင်းယူနိုင်ဖို့ စပါးအသင်းဘက်ကို ဖိအားပေးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပေမယ့်လည်း သိပ်မထိရောက်ခဲ့လို့ ပေါ့ဘာနဲ့ ဂရင်းဝုဒ်တို့ကို ထည့်သွင်းလာခဲ့ရာ ယူနိုက်တက်တိုက်စစ်က အတော်လေးကို ထက်မြက်လာခဲ့ရပြီး မာစီယဲလ်ရဲ့ကန်ချက်ကို လိုရစ်ကာကွယ်ခဲ့လို့သာ စပါးတို့ ချေပဂိုးပြန်လည်ခွင့်ပြုရမယ့်အရေးက လွတ်မြောက်ခဲ့ရတာဖြစ်ပါတယ်။ စပါးရဲ့ခံစစ်ကလည်း ယူနိုက်တက်တိုက်စစ်ကို အကောင်းဆုံးဟန့်တားနိုင်တာကြောင့် ယူနိုက်တက်တို့ ချေပဂိုးရဖို့ ခက်ခဲနေခဲ့ပေမယ့် ပေါ့ဘာရဲ့အတိုးအလှုပ်ကနေတစ်ဆင့် မိနစ်(၈၀)မှာ ယူနိုက်တက် ပင်နယ်တီကန်ခွင့် ရရှိသွားခဲ့ပါတယ်။ ဒီပင်နယ်တီကို ဖာနန်ဒက်ဇ်ကန်သွင်းခဲ့ပြီး ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာ ယူနိုက်တက်တို့ နောက်တစ်ကြိမ် ပင်နယ်တီကန်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် VAR နဲ့ ပြန်လည်စစ်ဆေးရာမှာတော့ ပင်နယ်တီပေးစရာမလိုတဲ့အတွက် ပင်နယ်တီမကန်ခဲ့ရပဲ သရေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။