စပါးအသင်းရဲ့ နည်းပြဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုကတော့ သူရဲ့စိတ်ကြိုက်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဝါရင့်တောင်ပံတိုက်စစ်ကစားသမား အိုင်ဗန်ပါရီဆစ်ကို အခုဆောင်းစျေးကွက်အတွင်းမှာပဲ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေတာကြောင့် ဆွေးနွေးမှုတွေကို စတင်လုပ်ဆောင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို အသင်းရဲ့တောင်ပံကစားသမား ဂါရတ်ဘေးလ်ရဲ့ ဒဏ်ရာပြသာနာတွေကြောင့် ပါရီဆစ်ကို အစားထိုးခေါ်ယူချင်နေတာလည်းဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Ace Football

အသက်(၃၂)နှစ်အရွှယ်ရှိ ဝါရင့်ခရိုအေးရှားလက်ရွေးစင် တောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်ဟာ မော်ရင်ဟိုအလိုရှိနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်နေချိန်တုန်းကလည်း ပါရီဆစ်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ဖူးသေးတဲ့သူလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁ရခုနှစ်တုန်းက ပါရီဆစ်ဟာ မော်ရင်ဟိုကိုင်တွယ်ခဲ့တဲ့ ယူနိုက်တက်အသင်းဆီကို ပေါင်(၄၅)သန်းနဲ့ ရောက်ရှိလာဖို့ အတော်လေးကို နီးစပ်ခဲ့ပြီးမှ အပြောင်းအရွှေ့အပြီးသတ်မယ့်အချိန်မှာ ပျက်ပြယ်သွားခဲ့ရတဲ့အတွက် ပါရီဆစ်နဲ့ မော်ရင်ဟိုတို့ မပူးပေါင်းနိုင်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Goal

အခုလည်း မော်ရင်ဟိုဟာ သူရဲ့စပါးအသင်းအတွက် ပါရီဆစ်ကို ထပ်မံအလိုရှိလို့နေပြီး ဒီနှစ်နွေစျေးကွက်ကမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ အငှားနဲ့ ပြန်လည်ခေါ်ယူထားခဲ့တဲ့ ဝေးလ်စ်လက်ရွေးစင် တောင်ပံကစားသမား ဂါရတ်ဘေးလ်က ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေရပြီး ကြံခိုင်မှုလည်း မပြည့်ဝတာကြောင့် ခြေစွမ်းမပြသနိုင်တဲ့အတွက် သူရဲ့နေရာမှာ အစားထိုးဖို့ ပါရီဆစ်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ပြင်သစ်အားကစားမီဒီယာတစ်ခုရဲ့ ဖော်ပြချက်တွေအရ ပါရီဆစ်ရဲ့ အပြောင်းအရွှေ့အတွက် စပါးနဲ့ အင်တာမီလန်အသင်းတို့ကြားမှာ ဆွေးနွေးမှုတွေကို လုပ်ဆောင်လျက်ရှိနေပြီး တရားဝင်ကမ်းလှမ်းမှုတော့ မရှိသေးဘူးလို့ သိရပါတယ်။ အခုလို ပရီးမီးယားလိဂ်ဆီ ရောက်ရှိလာဖို့ နီးစပ်နေတဲ့ ပါရီဆစ်ဟာ ၂၀၁၅ခုနှစ်ကမှ ဘွန်ဒစ်လီဂါကလပ် ဝုလ်ဖ်ဘတ်အသင်းကနေ အင်တာမီလန်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာလည်း ဘိုင်ယန်မြူးနစ်အသင်းဆီကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပါသေးတယ်။ ပါရီဆစ်ဟာ ဒီရာသီမှာတော့ အင်တာအတွက် ပြန်လည်ပါဝင်ကစားပေးနေရပြီး ပြိုင်ပွဲစုံ(၂၁)ပွဲအထိကို ပါဝင်ထားခဲ့ကာ သွင်းဂိုး(၂)ဂိုးနဲ့ ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ ပါရီဆစ်ဟာ လာမယ့် ၂၀၂၂ခုနှစ်မှာတော့ အင်တာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို အသင်းနဲ့လည်း သက်တမ်းတိုးမြှင့်သွားဖို့ အခြေအနေမရှိတော့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။