လီဗာပူးလ် မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတေ ထွက်ပေါ်နေတဲ့ ပေါ်တိုတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို တောင်ပံကစားသမားတစ်ဦး အလိုရှိနေတဲ့ စပါးအသင်းကနေ တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ပေမယ့်လည်း ဒီကမ်းလှမ်းချက်တွေကို ပေါ်တိုအသင်းဘက်ကနေ ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။
Photo Credit : Mirror
လီဗာပူးလ်အသင်းရဲ့ အဓိကပစ်မှတ်လည်းဖြစ်သလို ယူနိုက်တက်အသင်းဆိုရင်လည်း ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်ခံနေရတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ လူးဝစ်ဒီယက်ဇ်ကို သူနဲ့ သတင်းသိပ်မထွက်တဲ့ စပါးအသင်းကနေ ပေါ်တိုအသင်း တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ပေါ်တိုဘက်ကနေ ပယ်ချသွားခဲ့တယ်လို့ ဖာဘရီဇီယိုကနေ ဖော်ပြထားခဲ့ပါတယ်။ စပါးအသင်းဟာ တောင်ပံတိုက်စစ်နေရာအတွက် ဝုလ်ဗ်ကစားသမား အဒမ်မာထရာအိုရေးကိုလည်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားခဲ့ပြီး ဆောင်းစျေးကွက် မပိတ်သိမ်းခင်မှာ ထရာအိုရေးနဲ့ ဒီယက်စ်တို့ထဲက တစ်ဦးဦးကို အရခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းဖွယ် ရှိနေပါတယ်။
Photo Credit : 90Min
စပါးအသင်းနဲ့ ရုတ်တရက် သတင်းထွက်လာခဲ့တဲ့ အသက်(၂၅)နှစ်အရွှယ်ရှိ ကိုလံဘီယာ လက်ရွေးစင် တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ဟာ ၂၀၁၉ခုနှစ်ကမှ ပေါ်တိုအသင်းကို စတင်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘယ်ညာ တောင်ပံနှစ်ဖက်လုံးမှာသာမကပဲ ကွင်းလယ်(၃)ယောက်တန်းရဲ့ ဘယ်ဘယ်မှာပါ ပါဝင်ကစားတတ်သူ ဒီယက်ဇ်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း (၁၂၅)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၄၁)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ပေါ်တိုအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဒီယက်ဇ်က တစ်ရာသီအတွင်း အသင်းအတွက် ပွဲပေါင်း(၅၀)နီးပါးလောက်အထိကိုလည်း ပါဝင်ကစားထားခဲ့ရပါတယ်။ စပါးနည်းပြ အန်တိုနီယိုကွန်တီအနေနဲ့ကလည်း အသင်းရဲ့ တောင်ပံတိုက်စစ် နေရာအတွက် ဇန်နဝါရီစျေးကွက် မပိတ်သိမ်းခင်မှာပဲ ကစားသမားသစ်တစ်ဦးကို အရခေါ်ယူသွားချင်နေတာဖြစ်လို့ ထရာအိုရေးထက် ပို်ပြီးတော့ Quality ကောင်းမွန်သူဖြစ်တဲ့ လူးဝစ်ဒီယက်ဇ်ကို အသင်းဥက္ကဌ ဒန်နီရယ်လီဗီက အရခေါ်ပေးနိုင်မလား ဒါမှမဟုတ် ထရာအိုရေးကိုပဲ ခေါ်ယူပေးမလား ဒါမှမဟုတ်ပဲ ဆောင်းစျေးကွက်ကို ကစားသမား မခေါ်ယူပေးပဲ ကွန်တီရဲ့ ငြိုငြင်မှုနဲ့သာ ရင်ဆိုင်သွားမလားဆိုတာ လာမယ့်ရက်ပိုင်းတွေထိ ဆက်လက်စောင့်ကြည့်သွားရပါမယ်။