တော့တင်ဟမ် ဟော့စပါးအသင်းဟာ သူတို့အသင်းရဲ့ စပိန် ညာနောက်ခံကစားသမား ပတ်ဒရို ပေါ်ရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေအနေနဲ့ ပေါ်ရိုအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၈၀)နဲ့ ကမ်းလှမ်းမှ လက်ခံစဉ်းစားသွားမယ်လို့ သိရှိရပါတယ်။

အသက် (၂၅)နှစ်အရွယ် စပိန်လက်ရွေးစင် ညာနောက်ခံလူ ပတ်ဒရို ပေါ်ရိုဟာ ၂၀၂၃ခုနှစ်ကမှ စပို့တင်း လစ္စဘွန်းအသင်းကနေ စပါးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပေါ်ရိုက စပါးအသင်းရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးလည်း ဖြစ်နေပါတယ်။

Photo Credit : Tottenham Hotspur News

လက်ရှိမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၆၂)ပွဲအထိ ကစားထားနိုင်ခဲ့တဲ့ ပေါ်ရိုက စပါးနဲ့လည်း ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်းလည်း ကျန်ရှိနေသေးပေမယ့် လတ်တလောမှာ ပေါ်ရိုကို ရီးယဲလ် မက်ဒရစ်အသင်းအပြင် မန်ချက်စတာ စီးတီးကလည်း ခေါ်ယူသွားဖို့ စ်ိတ်ဝင်စားလျက် ရှိနေခဲ့ပါတယ်။

တကယ်တော့ ပေါ်ရိုဟာ မန်စီးတီး ကစားသမားဟောင်းတစ်ဦး ဖြစ်ခဲ့ပြီးတော့ မန်စီးတီး စီနီယာအသင်းအတွက် တစ်ပွဲမှ မကစားရဘဲ ဗယ်လာဒိုးလစ်နဲ့ စပို့တင်းအသင်းတွေဆီကိုသာ အငှားချခံခဲ့ရပါတယ်။ အခုတော့ စီးတီးက အသင်းရဲ့ ဝါရင့် ညာနောက်ခံလူ ဝေါ်ကာနေရာမှာ ရေရှည်အစားထိုးဖို့အတွက် ကစားသမားဟောင်း ပေါ်ရိုကို ပြန်လည် ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Tottenham Hotspur News

ရီးယဲလ်ကတော့ လက်ရှိမှာ ဒဏ်ရာ ပြဿနာဆိုးကြီးနဲ့ ရင်ဆိုင်နေရတဲ့ ဝါရင့် ညာနောက်ခံလူကြီး ကာဗာဟယ်လ်နေရာအတွက် ရေရှည်အစားထိုးဖို့ လီဗာပူးလ် ညာနောက်ခံလူ အာနိုးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားသလို အာနိုးကို မရခဲ့ရင်လည်း တခြား option အဖြစ် ပေါ်ရိုကို ချိန်ရွယ်ထားပါတယ်။

ဒီလို ဥရောပထိပ်သီး ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ပေါ်ရိုကို စပါးအသင်းဘက်က ရောင်းချသွားဖို့ ဆန္ဒမရှိပေမယ့်လည်း ပေါ်ရိုအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၈၀)နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းထုတ်သွားဖွယ် ရှိနိုင်တယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။