MySport Myanmar

ကမ္ဘာပေါ်က ဘယ်နည်းပြမှ စပါးအသင်းရဲ့ ပြသာနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ကွန်တီသုံးသပ်

စပါးအသင်းရဲ့ အန်တိုနီယိုကွန်တီက လက်ရှိ သူရဲ့အသင်းမှာ ဖြစ်ပေါ်နေတဲ့ ပြသာနာတွေကို ဖြေရှင်းနိုင်မယ့် နည်းပြမျိုး ကမ္ဘာပေါ်မှာ ရှိနေမှာ မဟုတ်ဘူးလို့ သုံးသပ်ပြောဆိုလိုက်ပြီး ဒီလိုပြောဆိုရခြင်းကလည်း စပါးအသင်းဘက်က ဒီလိုပုံစံမျိုး ဖြစ်နေတာ အနှစ်(၂၀)လောက်ကို ရှိနေရတာကြောင့် ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ စပါးအသင်းကို ရောက်ရှိလာခဲ့တဲ့ အီတလီလူမျိုး နာမည်ကြီးနည်းပြ ကွန်တီဟာ အသင်းကို စကိုင်တွယ်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ (၉)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် မမျှော်လင့်ပဲ ယူရိုပါကွန်းဖရန့်စ်လိဂ်နဲ့ အက်အေဖလားတို့ကနေ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်မှာပါ ရှုံးပွဲ(၄)ပွဲ ဆက်တိုက်နီးပါး ကြုံတွေ့ခဲ့ရပါတယ်။ နောက်ပိုင်းပွဲစဉ်တွေအတွင်း ရလဒ်ပိုင်း မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကွန်တီက အသင်းရဲ့ အခြေအနေတွေအပေါ် စိတ်ပျက်လာခဲ့ရပြီး အသင်းနဲ့ ပြန်လည်လမ်းခွဲဖို့အထိပါ စဉ်းစားလာခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

Photo Credit : Sky Sports

အသင်းရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကွန်တီက “ကျွန်တော် ပထမနေ့ကတည်းက အခုလို ပြောခဲ့ဖူးတယ်။ တော့တင်ဟမ်မှာက အတတ်အကျများစွာနဲ့ ဇာတ်လမ်းမျိုး ရှိနေတယ်လို့ ကျွန်တော် ပြောခဲ့တယ်။ ဒါပေမယ့် ယှဉ်ပြိုင်နိုင်ဖို့ တစ်ခုခုကို ရယူပိုင်ဆိုင်နိုင်အောင် ကြိုးစားပြဖို့ အရေးကြီးတဲ့ အရာတွေအတွက် တိုက်ပွဲဝင်သွားဖို့နဲ့ တောင့်တင်းခိုင်မာတဲ့ အသင်းတစ်သင်း ဖြစ်လာဖို့အတွက် ပထမဆုံး လုပ်ဆောင်ရမှာက တည်ငြိမ်မှု ရှိနေဖို့နဲ့ အတတ်အကျတွေကို ရှောင်နိုင်ဖို့ပါပဲ။ ဒါတွေကို လုပ်ဆောင်ဖို့နဲ့ ဒီအသင်းမှာ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပျက်နေတဲ့ ဒီအခြေအနေတွေကို ပြောင်းလဲဖို့က ဘယ်လိုမှ မရိုးရှင်းပါဘူး။ အချိန်တိုအတွင်းမှာလည်း ဒါတွေကို လုပ်ဆောင်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါက ကျွန်တော့်တစ်ယောက်တည်းအတွက်သာမကပဲနဲ့ တခြားဘယ်နည်းပြမဆို ဒီကိုရောက်လာပြီး စက္ကန့်ပိုင်းလေးအတွင်းမှာပဲ အခြေအနေတွေကို မပြောင်းလဲပစ်နိုင်ဘူးလို့ ကျွန်တော် ထင်မိပါတယ်။ အထူးသဖြင့် ဒီကလပ်အသင်းမှာ အနှစ်(၂၀)လောက် ဒီလိုအခြေအနေမျိုး ရှိနေတာကြောင့်ပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ကွန်တီရဲ့ စပါးအသင်းဟာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းကို အရေးနိမ့်ခဲ့တာကြောင့် အက်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို နောက်ထပ် ဖလားလက်မဲ့ ရာသီတစ်ခုကိုပါ ဆက်လက်ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။

Exit mobile version