ဒီရက်သတ္တပတ်အတွင်းမှာပဲ ကစားသမား ခေါ်ယူမှုတွေအတွက် ခပ်သွက်သွက် လှုပ်ရှားလျက်ရှိနေတဲ့ စပါးအသင်းဟာ အတ္တလန်တာအသင်းရဲ့ ဂိုးသမား ဂိုလီနိကို သေချာပေါက် ခေါ်ယူသွားနိုင်တော့မှာဖြစ်တဲ့အပြင် နောက်ထပ် အတ္တလန်တာ ကစားသမားတစ်ဦးဖြစ်တဲ့ နောက်ခံကစားသမား ခရစ္စတီယန်ရိုမဲရိုးကိုပါ ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

အသက်(၂၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် နောက်ခံကစားသမားလေး ခရစ္စတီယန်ရိုမဲရိုးဟာ အတ္တလန်တာအသင်းရဲ့ အဓိကနောက်ခံကစားသမားတစ်ဦးလည်းဖြစ်သလို သိပ်မကြာသေးခင်က ဘရာဇီးနိုင်ငံအတွင်းမှာ ကျင်းကခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုပါ ရယူနိုင်ခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာ ခြေစွမ်းလည်းပြနိုင်သလို အောင်မြင်မှုတွေလည်း ရယူထားနိုင်ခဲ့တဲ့ ရိုမဲရိုးကို မန်ချက်စတာယူနိုက်တက်အသင်းကနေ စတင်စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့် ဒီနောက်ပိုင်းမှာ စပါးအသင်းက ပစ်မှတ်ထားလာခဲ့ပြီး လက်ရှိမှာတော့ ကစားသမားကိုယ်တိုင်က စပါးကိုသာ ရွေးချယ်ချင်နေပါတယ်။

Photo Credit : We All Follow United

နာမည်ကျော် ဘောလုံးသမား အပြောင်းအရွှေ့ သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ရိုမဲရိုးက စပါးအသင်းကို ပြောင်းရွှေ့ကစားဖို့အတွက်နဲ့ ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်ရပ်ကိုပါ ချုပ်ဆိုသွားဖို့အတွက် သဘောတူညီထားတယ်လို့ သိရပါတယ်။ ရိုမဲရိုးနဲ့ပတ်သက်ပြီး ကစားသမားက စပါးအသင်းကို ပြောင်းရွှေ့ဖို့အတွက် ငြင်းဆန်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေခြင်းဟာ ကောလာဟလတွေသာဖြစ်ပြီး ရိုမဲရိုးက စပါးအသင်းကို လာရောက်ဖို့ ဆန္ဒပြင်းပြနေတယ်လို့ ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ရိုမဲရိုးရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး စပါး အတ္တလန်တာနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ကြားမှာတော့ သဘောတူညီမှု တစ်စုံတစ်ရာမှကို မရယူထားနိုင်သေးပဲ ဆွေးနွေးညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲ ရှိတယ်လို့ သိရပါတယ်။ စပါးအသင်းဟာ အတ္တလန်တာ ကစားသမား(၂)ဦးဖြစ်တဲ့ ဂိုးသမား ဂိုလီနီနဲ့ ခရစ္စတီယန်ရိုမဲရိုးတို့ကို ခေါ်ယူနိုင်တော့မယ့်အပြင် စပိန်ယူ-၂၃အသင်းနဲ့ အိုလံပစ်ပြိုင်ပွဲ ဆင်နွဲလို့နေတဲ့ ဆီဗီလာအသင်းရဲ့ စပိန်ကြယ်ပွင့် ကစားသမားလေး ဘရိုင်ယန်ဂေးလ်ကိုလည်း အသင်းဆီ အရခေါ်နိုင်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။