စပါးအသင်းကတော့ ဒီတစ်ပတ်ကြားရက်အတွင်းမှာ လေတန်အိုးရီးယန့်အသင်းနဲ့ ကာရာဘောင်းဖလား(လိဂ်ဖလား) တတိယအဆင့်ပွဲစဉ်ကို ဆင်နွဲသွားဖို့ ရှိနေပေမယ့် လေတန်အသင်းဘက်ကနေ ကိုဗစ်ကူးစက်မှုတွေ ကူးစက်နေတဲ့အတွက် ပွဲကိုရွှေ့ဆိုင်းခဲ့ရပြီး အခုလည်း လေတန်ဘက်ကနေ လိဂ်ဖလားပွဲကို ဆက်လက်ဆင်နွဲဖို့ မဖြစ်နိုင်တော့တဲ့အတွက် စပါးအသင်းက ကာရာဘောင်းဖလား စတုတ္တအဆင့်ကို အလိုအလျောက် တတ်လှမ်းသွားနိုင်ခဲ့ရပါတယ်။

Photo Credit : Evening Standard

အခုတလောမှာ ကိုဗစ်ကူးစက်မှုတွေက ဘောလုံးနယ်ပယ်အတွင်း အရမ်းပျံနှံလို့နေပြီး ကစားသမားတွေ နည်းပြတွေမှာလည်း ကူးစက်မှုတွေ ခံနေရတာကြောင့် အတော်လေးကို ဂယက်ထနေရပါတယ်။ အခုလည်း လေတန်အိုးရီးယန့်အသင်းက အသင်းသားတွေ ဗိုင်းရပ်စ်ကူးစက်ခံနေရတာဖြစ်လို့ ကာရာဘောင်းပြိုင်ပွဲကနေ နုတ်ထွက်သွားဖို့ ဆုံးဖြတ်ခဲ့လာရတာကြောင့် သူတို့အသင်းနဲ့ ရင်ဆိုင်ကစားရဖို့ရှိနေတဲ့ စပါးအသင်းက တတိယအဆင့်ကို ကစားစရာ မလိုအပ်ပဲ စတုတ္ထအဆင့်ကို အလိုလိုတတ်လှမ်းသွားခဲ့ပြီး လန်ဒန်ဒါဘီပြိုင်ဘက် ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံရတော့မှာဖြစ်ပါတယ်။

Photo Credit : Sky Sports

စပါးအသင်းဟာ မနေ့ညကတော့ ယူရိုပါလိဂ်ခြေစစ်ပွဲအဖြစ် မြောက်မက်ဆီဒိုးနီးယား ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရှက်ကန်ဒီယာအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ပြီး (၁)ဂိုး(၃)ဂိုးနဲ့ အနိုင်ရခဲ့ကာ နောက်တစ်ဆင့် တတ်လှမ်းနိုင်ခဲ့ပါတယ်။ စပါးအသင်းက လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဂါရတ်ဘေးလ်နဲ့ ဆာဂျီယိုရယ်ဂီလွန်တို့ကို ခေါ်ယူအားဖြည့်ထားခဲ့ပြီး အီတလီစီးရီးအေရဲ့ ကြယ်ပွင့်တွေဖြစ်တဲ့ အင်တာမီလန်အသင်းရဲ့ နောက်ခံကစားသမား ရှကရီညာနဲ့ နာပိုလီတိုက်စစ်ကစားသမား မီလစ်ခ်တို့ကို ဆက်လက်ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ စပါးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဆင့်(၄)အတွင်း ဝင်ရောက်နိုင်အောင် ရည်ရွယ်ထားသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်စွဲနိုင်အောင် ပစ်မှတ်ထားလို့နေပါတယ်။ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာတော့ စပါးအသင်းဟာ နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃)ကို တော့တင်ဟမ်ဟော့စပါးကွင်းကြီးမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဒီပွဲစဉ်မှာတော့ ကစားသမားသစ်ဖြစ်တဲ့ ရယ်ဂီလွန်က အသင်းအတွက် စတင်ပွဲဦးထွက် ပါဝင်ကစားဖွယ် ရှိနေပါတယ်။