ရီးရဲလ်မက်ဒရစ်အသင်းကနေ ကလပ်အသင်းဟောင်းစပါးဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကတော့ သူရဲ့ဒူးဒဏ်ရာအခြေအနေ ကောင်းမွန်မှု သိပ်မရှိသေးတာကြောင့် အသင်းအတွက် ပွဲထွက်မကစားနိုင်ခြင်း မရှိသေးပဲ အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘေးလ်ဟာ မနေ့ကပဲ စပါးအသင်းနဲ့အတူ ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ခန်းအစီအစဉ်တွေကို စတင်လုပ်ဆောင်လို့နေပြီဖြစ်လို့ နိုင်ငံတကာရက်သတ္တပတ် ပြီးဆုံးသွားရင် စပါးအတွက် စတင်ကစားပေးနိုင်ဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၃၁)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘေးလ်ဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ သူရဲ့စပါးအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ဒဏ်ရာအခြေအနေတွေက သူ့ကို စပါးအသင်းအတွက် ပွဲထွက်ကစားလို့ မရသေးအောင် နှောင်ယှက်လို့နေတာကြောင့် အသင်းရဲ့ပွဲစဉ်တချို့ကို လွဲချော်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘေးလ်ဟာ မနေ့ကပဲ အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သူရဲ့တွစ်တာပေါ်ကနေ ဖော်ပြထားခဲ့တဲ့အတွက် ဒီတစ်ပတ်အတွင်း ကျင်းပသွားမယ့် International Break အပြီး စပါးအတွက် စတင်ပွဲဦးထွက် ကစားဖွယ်ရှိလာနိုင်ပါတယ်။

Photo Credit : Twitter

စပါးနည်းပြ ဂျိုဆေးမော်ရင်ဟိုကလည်း ဘေးလ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး “သူက တော်တော်လေးကို ကြိုးစားပါတယ်။ အရမ်းလည်း ပရော်ဖက်ရှင်နယ်ပီသတယ်။ ဒီမှာလည်း သူပျော်ရွှင်နေတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ အသင်းအတွက် ပါဝင်ကစားနိုင်ဖို့က အဆင့်သင့်မဖြစ်နေသေးဘူး။ နိုင်ငံတကာပွဲတွေ ကျင်းပသွားမယ့် ရက်သတ္တပတ် (၂)ပတ်အတွင်းမှာတော့ သူရဲ့ဒဏ်ရာအခြေအနေနဲ့ ကြံခိုင်မှုအခြေအနေတွေကို လုံးဝကောင်းမွန်သွားအောင်် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာပွဲတွေအပြီးမှာ အသင်းအတွက် စတင်ကစားပေးနိုင်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်တယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်သွားရပါမယ်” လို့ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။ ဘေးလ်က လက်ရှိမှာ အသင်းနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေ လုပ်ဆောင်နေပေမယ့်လည်း လာမယ့်တနင်္ဂနွေနေ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ မော်ရင်ဟိုက ပြောဆိုထားခဲ့ပြီး ဘေးလ်အနေနဲ့ကလည်း နိုင်ငံတကာရက်သတ္တပတ်အတွင်း သူရဲ့လက်ရွေးစင်အသင်းဖြစ်တဲ့ ဝေးလ်စ်အသင်းအတွက် ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။