MySport Myanmar

ဘာ့ဂျ်ဝင့်နေရာမှာ ဒီပိုင်းနဲ့ အစားထိုးသွားဖို့ စိတ်ဝင်စားနေတဲ့ တော့တင်ဟမ်

ဒီနှစ်ရဲ့ နွေဈေးကွက်အတွင်းမှာ ကစားသမားသစ်(၄)ဦးအထိကို အားပါးတရ ခေါ်ယူအားဖြည့်ထားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ လက်ရှိမှာလည်း အေဂျက်စ်အသင်းဆီ ပြောင်းရွှေ့သွားတော့မယ့် တောင်ပံကစားသမား ဘာ့ဂျ်ဝင့်ရဲ့နေရာမှာ ကစားသမား ပြန်လည်အစားထိုးဖို့အတွက် ဘာ့ဂျ်ဝင့်ရဲ့ နယ်သာလန်အသင်းဖော် မန်ဖစ်ဒီပိုင်းကို အစားထိုး ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football London

စပါးအသင်းဟာ ကစားသမားသစ် ခေါ်ယူမှုတွေသာ ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိအချိန်မှသာ ကစားသမား ပြန်လည်ရောင်းချဖို့အတွက် စီစဉ်လာခဲ့ရာ အသင်းရဲ့ နယ်သာလန် တောင်ပံကစားသမား ဘာ့ဂျ်ဝင့်က အေဂျက်စ်အသင်းဆီ ပေါင်သန်း(၃၀)နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်လာခဲ့ရပြီ ဖြစ်ပါတယ်။ တကယ်လို့ ဘာ့ဂျ်ဝင့် ထွက်ခွာသွားခဲ့ရင်တောင် စပါးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဟာရီကိန်း ဆွန်ဟောင်မင် ကူလူဆက်ဗ်စကီး လူးကပ်စ်မော်ရာနဲ့ ကစားသမားသစ် ရစ်ချာလီဆန်တို့ ရှိနေပေမယ့်လည်း လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲပါ ပြန်လည်ဆင်နွဲရတော့မှာဖြစ်လို့ ကစားသမားအင်အား တောင့်တင်းနေစေချင်တဲ့အတွက် ဒီပိုင်းကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football Insider

အသက်(၂၈)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကမှ လိုင်ယွန်ကနေ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ နယ်သာလန်လူမျိုး ရော်နယ်ကိုးမန်းလက်အောက်မှာ ပွဲကစားခွင့်တွေ ပိုမိုရရှိခဲ့ပေမယ့် ကိုးမန်း ထုတ်ပယ်ခံရပြီးနောက် ဇာဗီ ကိုင်တွယ်ချိန်မှာ အသင်းအတွက် အူဘာမီယန်း ဖယ်ရန်တောရက်စ် ထရာအိုရေးတို့လို တိုက်စစ်ကစားသမားတွေ အသင်းဆီ ခေါ်ဆောင်လာခဲ့သလို ဒမ်ဘီလီကပါ ခြေစွမ်းတွေ ပြန်လာခဲ့လို့ ဒီပိုင်းအတွက် ပွဲကစားခွင့်တွေက နည်းပါးလာခဲ့ရပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ဘာစီလိုနာက ဒမ်ဘီလီကို အသင်းမှာ ဆက်ထိန်းထားပြီး လီဝန်ဒေါစကီး (သို့) ရာဖင်ညာတို့ကိုု ထပ်မံခေါ်ယူဖွယ် ရှိနေတာကြောင့် ဒီပိုင်းရဲ့ အနာဂတ်က ပိုဝေဝါးလာခဲ့ရပါတယ်။ ဒါ့အပြင် ဒီပိုင်းက လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်လို့ ပြောင်းရွှေ့ကြေး ရရှိဖို့အတွက်ရော ကစားသမားလစာ လျှော့ချနိုင်ဖို့အတွက်ပါ ဒီပိုင်းကို ရှင်းထုတ်ချင်နေပါတယ်။ ဒီလို အခြေအနေနဲ့ ကြုံတွေ့နေရတဲ့ ဒီပိုင်းကို စပါးအသင်းက ခေါ်ယူသွားဖို့ ချိန်ရွယ်နေပြီး ဒီပိုင်းအနေနဲ့ စပါးကို ရွေးချယ်ခဲ့မယ်ဆိုရင်လည်း ကိန်း ဆွန် ရစ်ချာလီဆန်တို့နဲ့ အပြိုင်နေရာလုရဖွယ် ရှိနေပါတယ်။

Exit mobile version