ဂျိုဆေးမော်ရင်ဟို စပါးအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့ချိန်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်နေရာရဖို့ ခက်ခဲနေတဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးသလို အခုတစ်ကြိမ်မှာလည်း ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ ပယ်ချထားခဲ့တဲ့ လင်ဂတ်ကို လာမယ့် ဆောင်းစျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် စပါးအသင်းဘက်ကနေ နောက်တစ်ကြိမ် စိတ်ဝင်စားလာခဲ့ပြန်ပါတယ်။

Photo Credit : Daily Star

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား လင်ဂတ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာဖြစ်ပြီး အသင်းမှာကလည်း ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် အသင်းနဲ့ သက်တမ်းတိုးဖို့ကို ပယ်ချထားခဲ့သလို လာမယ့်ဇန်နဝါရီလမှာပဲ အသင်းပြောင်းဖို့အထိပါ စဉ်းစားထားတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ရှိနေတဲ့ လင်ဂတ်ကို မနှစ်ကရာသီအတွင်း ရာသီဝက် အငှားနဲ့ ခေါ်ယူထားခဲ့ဖူးတဲ့ ဝက်စ်ဟမ်းအသင်း အပါအဝင် နယူးကာဆယ် အဲဗာတန်နဲ့ ဘာစီလိုနာ အေစီမီလန်အသင်းတွေကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပြီး အခု စပါးအသင်းကပါ လင်ဂတ်ကို ခေါ်ယူဖို့ ချိန်ရွှယ်လာခဲ့ပြန်ပါတယ်။

Photo Credit : Daily Express

ယူနိုက်တက်အသင်းဟာ ပေါ်တူဂီကြယ်ပွင့်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကိုပဲ အသင်းရဲ့ ဦးစားပေး ကစားသမားအဖြစ် ဆက်တိုက်သုံးစွဲနေတာဖြစ်လို့ လင်ဂတ်ရဲ့ ကစားခွင့်တွေ ပျောက်ဆုံးနေရတာ ဖြစ်ပေမယ့်လည်း ယူနိုက်တက်ဘက်က လင်ဂတ်ကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်တာဖြစ်လို့ သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ပေမယ့် လင်ဂတ်ကတော့ လာမယ့် ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ခွင့်ရဖို့အတွက် ပုံမှန်ကစားခွင့် ရရှိနိုင်မယ့် ကလပ်အသင်း တစ်သင်းသင်းကိုသာ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လင်ဂတ်က သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ သူရဲ့အသင်းဟောင်း ဝက်စ်ဟမ်းအသင်းဆီကို ပြောင်းရွှေ့ချင်နေပြီး ယူနိုက်တက်ဘက်ကလည်း သက်တမ်းတိုးဖို့ ခက်ခဲနေရတဲ့ လင်ဂတ်ကို ဆောင်းစျေးကွက်ထဲ Cut-price အဖြစ် ပေါင်(၁၀)သန်းဝန်းကျင်လောက်နဲ့ ရောင်းချသွားချင်နေပါတယ်။ ဒါပေမယ့် နည်းပြသစ်ကွန်တီလက်အောက်မှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ တိုးတတ်လာဖွယ် ရှိနေတဲ့ စပါးအသင်းကပါ လင်ဂတ်ကို အလိုရှိလာခဲ့တာကြောင့် လင်ဂတ်ရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။