ရာသီသစ်မှာ တာထွက်တွေ ကောင်းမွန်လို့နေပြီး အမှတ်ပေးဇယားထိပ်မှာပါ ရမှတ်(၉)မှတ်နဲ့ ရပ်တည်လျက်ရှိနေတဲ့ စပါးအသင်းဟာ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာတော့ ကိုဗစ်စည်းမျဉ်းတွေနဲ့ ဒဏ်ရာရ ကစားသမားတွေကြောင့် အသင်းသား (၆)ယောက်ခန့်လောက်အထိကို အနားပေးရဖွယ် ရှိနေတာမို့ ဒီတစ်ပတ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကစားသမား အပြောင်းအလဲများစွာ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

စပါးအသင်းရဲ့ တောင်အမေရိက ကစားသမားတွေဖြစ်ကြတဲ့ ကိုလံဘီယာနောက်ခံလူ ဒါဗင်ဆင်ဆန်းချက်ဇ် အာဂျင်တီးနား နောက်ခံလူ ခရစ္စတီယန်ရိုမဲရိုးနဲ့ ကွင်းလယ်လူ ဂျီအိုဗန်နီလိုဆယ်လ်ဆိုတို့ (၃)ယောက်ဟာ နိုင်ငံတကာ ရက်သတ္တပတ်အတွင်း သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ဝင်ရောက်ဆင်နွဲခဲ့တာကြောင့် အင်္ဂလန်နိုင်ငံကို အပြန်မှာ အင်္ဂလန်နိုင်ငံရဲ့ ထုတ်ပြန်ထားတဲ့ ကိုဗစ်စည်းမျဉ်းတွေအရ (၁၀)ရက်တာ Quarantine ဝင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကစားသမားတွေအနေနဲ့ ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ကို သေချာပေါက်နီးပါး လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဆန်းချက်ဇ် လိုဆယ်လ်ဆိုနဲ့ ရိုမဲရိုးတို့ (၃)ယောက်လုံးဟာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုရော ပြင်သစ်လီဂူးကလပ် ရန်းစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါကွန်းဖရန့်လိဂ်ပွဲစဉ်ကိုပါ ဆက်တိုက်လွဲချော်ရမယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဒီကစားသမား (၃)ယောက်လုံးက အင်္ဂလန်နိုင်ငံက ခွင့်ပြုချက်ပေးထားတဲ့ ခရိုအေးရှားနိုင်ငံအတွင်းမှာ သီးသန့်နေထိုင်လျက် ရှိနေသလို လေ့ကျင့်ခန်းဆင်းမှုတွေပါ လုပ်ဆောင်နေတာမို့ ပဲလေ့စ်နဲ့ ပွဲစဉ်လောက်ပဲ လွဲချော်ရဖွယ် ရှိနေပါတယ်။ ဒါပေမယ့် အသင်းရဲ့ နောက်ထပ် အရေးပါတဲ့ ကစားသမားဖြစ်သူ ဆွန်ဟောင်မင်ကလည်း တောင်ကိုရီးယားအသင်းနဲ့ နိုင်ငံတကာပွဲစဉ်တွေကို ဝင်ရောက်ကစားရင်း ဒဏ်ရာရရှိသွားတာကြောင့် ပဲလေ့စ်နဲ့ပွဲစဉ်ကို ပါဝင်သွားဖို့ မသေချာသေးသလို နည်းပြဆန်တိုလက်ထက် ပုံမှန်နေရာရလာခဲ့တဲ့ လူငယ်ကွင်းလယ်လူ အိုလီဗာစကစ်ပ်ဟာလည်း ယူ-၂၁ပွဲစဉ်အတွင်းမှာ ဒဏ်ရာရရှိသွားလို့ ပဲလေ့စ်နဲ့ လန်ဒန်ဒါဘီပွဲကို လွဲချော်ရနိုင်တာ ဖြစ်ပါတယ်။ တောင်ပံကစားသမား ဘာ့ဂျ်ဝိုင်းကလည်း နယ်သာလန်နဲ့ တူရကီပွဲစဉ်အတွင်း ဒဏ်ရာရထားခဲ့လို့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ဖို့ မရေမရာ ဖြစ်လို့နေရပါတယ်။