စပါးအသင်းဟာ နွေစျေးကွက်အတွင်းမှာ ဂိုးသမားတစ်ဦး လူငယ်ကြယ်ပွင့် ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးတို့ကို ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် အသင်းအတွက် အဓိကဖြည့်တင်းသွားရမယ့် နေရာတစ်ခုဖြစ်တဲ့ ဗဟိုခံစစ်ပိုင်းအတွက် လက်ရှိမှာ အတ္တလန်တာအသင်းရဲ့ အာဂျင်တီးနား နောက်ခံကစားသမား ခရစ္စတီယန်ရိုမဲရိုးကို အရခေါ်ယူသွားဖို့ နီးစပ်နေပြီဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ဒီကနေ့မှာပဲ လန်ဒန်မြို့ကို ရောက်ရှိလာဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

အသက်(၂၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် နောက်ခံကစားသမားလေး ခရစ္စတီယန်ရိုမဲရိုးဟာ အတ္တလန်တာအသင်းရဲ့ အဓိကနောက်ခံကစားသမားတစ်ဦးလည်းဖြစ်သလို သိပ်မကြာသေးခင်က ဘရာဇီးနိုင်ငံအတွင်းမှာ ကျင်းကခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းနဲ့အတူ ချန်ပီယံဆုဖလား အောင်မြင်မှုကိုပါ ရယူနိုင်ခဲ့ပါသေးတယ်။ ဒီနှစ်အတွင်းမှာ ခြေစွမ်းလည်းပြနိုင်သလို အောင်မြင်မှုတွေလည်း ရယူထားနိုင်ခဲ့တဲ့ ရိုမဲရိုးကို ယူနိုက်တက်အသင်းကနေ စတင်စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့် ဒီနောက်ပိုင်းမှာ စပါးအသင်းက ပိုပြီးပစ်မှတ်ထားလာခဲ့ပြီး လက်ရှိမှာတော့ ရိုမဲရိုးက စပါးကစားသမားသစ် ဖြစ်လာဖို့က အနီးစပ်ဆုံး ဖြစ်လာနေပါပြီ။

Photo Credit : Daily Express

ရိုမဲရိုးဟာ စပါးအသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေကို စောစောစီးစီး ရယူနိုင်ခဲ့တာဖြစ်ပေမယ့်လည်း အသင်း(၂)သင်းရဲ့ကြားမှာ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးအပိုင်းမှာ သဘောတူညီ မရယူနိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့ အထမြောက်ဖို့ ကြန့်ကြာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် စပါးအသင်းဘက်ကနေ သူတိုရဲ့အဓိကပစ်မှတ်အတွက် ကြိုးပမ်းမှုတွေ ဆက်တိုက်ပြုလုပ်လာခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း စပါးအသင်းဆီ ပြောင်းရွှေ့ခွင့်ပြုဖို့ အတ္တလန်တာဘက်ဆီ ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် နောက်ဆုံးမှာတော့ ပေါင်(၄၇)သန်းနဲ့ အဆင်ပြေသွားခဲ့ရပါတယ်။ စပါးအသင်းဟာ အခုနွေစျေးကွက်အတွင်းမှာပဲ အသင်းရဲ့ ဝါရင့်နောက်ခံလူ တိုဘီအယ်ဒါဝီရယ်ကို ကာတာကလပ်အသင်းဆီ လက်လွတ်ထားခဲ့သလို ကိုလံဘီယာ ခံစစ်ကစားသမား ဒါဗင်ဆင်ဆန်းချက်ဇ်ကိုလည်း အသင်းကနေ ရောင်းထုတ်ဖွယ် ရှိနေတာကြောင့် ရိုမဲရိုးလို ထိပ်တန်းခံစစ်မှူးတစ်ဦးကို ပြန်လည်အလိုရှိနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရိုမဲရိုးဟာ ဒီနေ့မှာပဲ စပါးအသင်းဆီ အပြီးသတ် အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ဆီ ရောက်လာတော့မှာဖြစ်ပြီး ဆေးစစ်မှုတွေပါ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။