ဒီနှစ် နွေရာသီအပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ မူဆာဆစ်ဆိုခိုကို ရောင်းထုတ်သွားဖွယ် ရှိလို့နေတဲ့ စပါးအသင်းဟာ သူရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ရိုးမားအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား လော်ရန်ဇိုပယ်လီဂရီနီကို ပစ်မှတ်ထားလာခဲ့ပြီး ကစားသမားကလည်း ရိုးမားအသင်းနဲ့ စာချုပ်လျော်ကြေးကို ပေါင်(၂၆)သန်းနဲ့သာ ချုပ်ဆိုထားတာဖြစ်လို့ စပါးအသင်းဘက်ကနေ ဒီပမာဏအတိုင်းနဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

Photo Credit : Tottenham Insight

အသက်(၂၅)နှစ်အရွှယ်ရှိ အီတလီကွင်းလယ်ကစားသမား ပယ်လီဂရီနီဟာ ရိုးမားလူငယ်အသင်းမှာ အသက်(၉)နှစ်အရွှယ်ကတည်းက ပါဝင်လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသင်းခေါင်းဆောင် တာဝန်ကိုပါ လက်ခံထားရသလို အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်နေရပါတယ်။ ကွင်းလယ်(၃)ယောက်တန်းမှာ နေရာစုံ ကစားနိုင်တတ်တဲ့ ပယ်လီဂရီနီဟာ ကွင်းလယ်တိုက်စစ် ကွင်းလယ်ခံစစ် နေရာမရွေး ကစားနိုင်သူလည်းဖြစ်လို့ သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ စိတ်ဝင်စားလာခဲ့ပြီး လတ်တလောမှာတော့ စပါးအသင်းက ဒီကစားသမားကို စိတ်အဝင်စားဆုံး ဖြစ်လို့နေပါတယ်။

Photo Credit : Sport Illustrated

စပါးအသင်းကလည်း နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဆစ်ဆိုခိုနဲ့ ဟာရီဝင့်စ်တို့ကို လက်လွတ်သွားရဖွယ် ရှိနေတာကြောင့် သူတို့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ပယ်လီဂရီနီကို ခေါ်ယူချင်နေတာဖြစ်ပေမယ့် စပါးအသင်းရဲ့ နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုက လက်ရှိမှာ ရိုးမားအသင်းကို ကိုင်တွယ်နေတာဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ကို သူ့အသင်းဟောင်းဆီ ရောင်းချနိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပယ်လီဂရီနီနဲ့ ရိုးမားအသင်းတို့ရဲ့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၂ခုနှစ်မှာ ကုန်ဆုံးသွားတော့မှာ ဖြစ်တဲ့အတွက် ရိုးမားဘက်ကနေ ပယ်လီဂရီနီကို သက်တမ်းတိုးဖို့ အဆင်မပြေနိုင်တော့ဘူးဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရဖို့အတွက် ဒီနွေစျေးကွက်အတွင်းမှာပဲ ရောင်းချရတော့မှာဖြစ်ပါတယ်။ အတွေ့အကြုံရှိ ကွင်းလယ်ကစားသမား ပယ်လီဂရီနီကိုတော့ စပါးအသင်းနဲ့အပြိုင် မန်ချက်စတာယူနိုက်တက်နဲ့ အေစီမီလန်အသင်းတွေကလည်း အလိုရှိလို့နေပါတယ်။