စပါးအသင်းကတော့ အသင်းမှာ အတော်လေးကို ခြေစွမ်းပြသနေတဲ့ တောင်ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်လို အရည်အသွေးမြင့်မားတဲ့ အာရှကစားသမားတွေကို အသင်းဆီ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး လတ်တလောမှာလည်း တရုတ်စူပါလိဂ်ကလပ် ဘေဂျင်းဂူအန်အသင်းမှာ ပါဝင်ကစားနေတဲ့ တောင်ကိုရီးယား နောက်ခံကစားသမား ကင်မင်ဂျယ်ကို ခေါ်ယူသွားနိုင်ဖို့အတွက် ယုံကြည်ချက်အပြည့်ရှိနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Football Saga

အသက်(၂၃)နှစ်အရွှယ်ရှိ တောင်ကိုရီးယားလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ကင်မင်ဂျယ် ဒီနှစ်ဘောလုံးရာသီကမှ ကေလိဂ်ထိပ်သီးကလပ် ဂျောင်ဘွတ်မော်တာစ်အသင်းကနေ ဘေဂျင်းဂူအန်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ခံစစ်စွမ်းဆောင်ရည်ကောင်းတွေကြောင့် သူ့ကို တောင်ကိုရီးယားရဲ့ဗန်ဒိုက်လို့ တင်စားခေါ်ဆိုနေကြပါတယ်။ ဒီကစားသမားလေးကို စပါးအသင်းနဲ့အပြင် မန်စီးတီး လီဗာပူးလ် အင်တာမီလန် လိုက်ပ်ဇစ် ပေါ်တို မိုနာကိုနဲ့ အဲဗာတန်အသင်းတွေကပါ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်လျက်ရှိနေပါတယ်။

Photo Credit : Youtbue

ဒီအသင်းတွေအားလုံးထက် စပါးအသင်းက ကင်မင်ဂျယ်ကို ခပ်မြန်မြန်ခေါ်ယူနိုင်အောင် ကမ်းလှမ်းမှု(၂)ကြိမ်အထိ ပြုလုပ်ခဲ့ပေမယ့်လည်း ဘေဂျင်းဂူအန်အသင်းဘက်ကနေ ငြင်းဆန်ပယ်ချခဲ့တယ်လို့ သတင်းတချို့ကနေ ဖော်ပြထားခဲ့ပါတယ်။ ကင်မယ်ဂျယ်က လာမယ့်၂၀၂၁ခုနှစ်မှာ ဘေဂျင်းဂူအန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားဘက်ကလည်း သက်တမ်းတိုးဖို့ ဆန္ဒမရှိတာကြောင့် အသင်းကနေ ရောင်းချဖွယ်ရှိနေပေမယ့် ပြောင်းရွှေ့ကြေးကိုတော့ ပေါင်(၁၅)သန်းအထိ ရရှိမှသာ ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း စပါးအသင်းဘက်ကနေ ကနဦး ပေါင်(၁၀)သန်းဝန်းကျင်နဲ့ နှစ်ကြိမ်တိုင် ကမ်းလှမ်းခဲ့မှုကို ငြင်းဆန်ပယ်ချခဲ့ရတာဖြစ်ပြီး အသင်းနှစ်သင်းကြားမှာ ဆွေးနွေးမှုတွေကိုတော့ ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။ လာမယ့်နှစ်မှာ စပါးအသင်းဟာ အသင်းရဲ့ဝါရင့်နောက်ခံလူ ဗာတွန်ဂန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာဖြစ်သလို မော်ရင်ဟိုလက်အောက် ပွဲထွက်ကစားခွင့်တွေ အလွန်ကိုနည်းပါးနေရတဲ့ နောက်ခံလူဟွမ်ဖွိုက်မှာလည်း အသင်းနဲ့ လမ်းခွဲရဖွယ် ရှိနေပါတယ်။