တောင်ကိုရီးယား ကြယ်ပွင့်ကစားသမားကို လေဗာကူဆင်အသင်းကနေ ခေါ်ဆောင်ခဲ့ပြီးတဲ့နောက် စပါးအသင်းကို တောင်ကိုရီးယားနိုင်ငံအတွင်း အားပေးမှုနှုန်းတွေ တအားမြင့်မားလာခဲ့သလို ဆွန်ဟောင်မင်ကိုယ်တိုင်ကလည်း စပါးအတွက် အတော်လေး ခြေစွမ်းပြနိုင်လို့ ဆွန်ဟောင်မင်ကို ခေါ်ယူနိုင်ခြင်းက စပါးအသင်းအတွက် ဘက်ပေါင်းစုံကနေ အကျိုးရှိခဲ့ရပါတယ်။ အခုလည်း စပါးအသင်းဟာ နောက်ထပ် အာရှကစားသမားတစ်ဦးပါ ထပ်မံခေါ်ယူသွားဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

Photo Credit : The Sun

အသက်(၂၂)နှစ်အရွှယ်သာ ရှိသေးတဲ့ ဂျပန်ညာနောက်ခံကစားသမားလေး တာကီဟီရိုတိုမီယာဆုဟာ စီးရီးအေကလပ် ဘိုလော့ဂ်နာအသင်းမှာ ပါဝင်ကစားနေတဲ့ အာရှကြယ်ပွင့် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်ကမှ ဘယ်ဂျီယံဒေသတွင်း ကလပ်အသင်းတစ်ခုကနေ ဘိုလော့ဂ်နာကို ရောက်ရှိလာခဲ့တဲ့ ဒီအာရှသားလေးဟာ ဂျပန်ဂန္တဝင် ကစားသမားဟောင်းကြီး နာကာတာပြီးနောက်ပိုင်း စီးရီးအေပြိုင်ပွဲဆီကို ရောက်ရှိလာခဲ့တဲ့ ဒုတိယမြောက် ဂျပန်ကစားသမားတစ်ဦးလည်း ဖြစ်သလို ညာခြမ်းခံစစ်မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနေနိုင်တာကြောင့် သူ့ကို စီးရီးအေကလပ်တွေအပြင် စပါးအသင်းကနေပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : The Sun

ညာနောက်ခံနေရာမှာ လိုအပ်ရင် ဗဟိုခံစစ်နေရာမှာပါ ပါဝင်ကစားနိုင်တဲ့ တိုမီယာဆုဟာ စပါးအသင်းကနေ အလိုရှိဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာကြောင့် စပါးဘက်ကနေ ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ထားခဲ့ရာ ပြောင်းရွှေ့ကြေး ပေါင်(၁၅)သန်း+အပိုဆုကြေးနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး မကြာခင်မှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်လိမ့်မယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ စပါးအသင်းဟာ အသင်းရဲ့ အိုင်ဗရီကို့စ် ညာနောက်ခံကစားသမား ဆာဂျီအော်ရီယေးကို ရောင်းထုတ်သွားဖွယ် ရှိနေတဲ့အတွက်ရော ဘယ်ဂျီယံနောက်ခံလူ အယ်ဒါဝီရယ်နဲ့ပါ လက်တွဲဖြုတ်ရဖွယ် ရှိနေတာကြောင့် ညာနောက်ခံနေရာမှာရော ဗဟိုခံစစ်နေရာမှာပါ ပါဝင်ကစားနိုင်တဲ့ တိုမီယာဆုကို အလိုရှိနေတာဖြစ်ပါတယ်။ စပါးအသင်းဟာ လတ်တလောမှာ ဝုလ်ဗ်နည်းပြဟောင်းကြီး နူနိုဆန်တိုကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လို့ထားပြီး ခံစစ်ပိုင်းအတွက် တိုမီယာဆုအပြင် ဆောက်သမ်တန် နောက်ခံကစားသမား ဗက်စတာဂေါ့နဲ့ အင်တာမီလန် ခံစစ်ကစားသမား မီလန်ရှကရီညာတို့ကိုပါ ပစ်မှတ်ထားနေသလို နူနိုဆန်တိုကလည်း သူနဲ့ ဝုလ်ဗ်မှာ လက်တွဲခဲ့ဖူးတဲ့ အင်္ဂလန်နောက်ခံလူ ကော်နာကိုဒီကိုလည်း အလိုရှိနေပါတယ်။