စပါးအသင်းကတော့ ဘွန်ဒစ်လီဂါ ထိပ်သီးကလပ် လိုက်ပ်ဇစ်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား မာဆယ်ဆာဘစ်ဇာကို အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး လာမယ့်နွေစျေးကွက်ရောက်ရင် ကမ်းလှမ်းမှုတွေကို ပြုလုပ်သွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို ဆာဘစ်ဇာကို ခေါ်ယူဖြစ်မယ်ဆိုရင် သူနဲ့ ကစားတဲ့နေရာချင်း တူညီလို့နေတဲ့ အသင်းရဲ့ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီကိုပါ အသင်းကနေ ရောင်းထုတ်ဖွယ်လည်း ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Tottenham Insight

အသက်(၂၆)နှစ်အရွှယ်ရှိ သြစတြီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား ဆာဘစ်ဇာဟာ ၂၀၁၄ခုနှစ်ကမှ ရက်ပစ်ဝီအန်အသင်းကနေ လိုက်ပ်ဇစ်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် အထူးခြေစွမ်းပြနိုုင်ခဲ့လို့ အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ ရွေးချယ်ခံထားရသလို ပြီးခဲ့တဲ့ဘောလုံးရာသီကလည်း အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် တစ်နှစ်တာအကောင်းဆုံးအသင်းမှာပါ ထည့်သွင်းခံခဲ့ရပါသေးတယ်။ ဒီလို အသင်းအတွက် အကောင်းဆုံးတွေ စွမ်းဆောင်လို့ပေးထားတဲ့ ဆာဘစ်ဇာကို စပါးအသင်းကနေ ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

Photo Credit : The Sun

ဆာဘစ်ဇာဟာ စပါးအသင်းနဲ့လည်း ရင်ဆိုင်ခဲ့ဖူးသူဖြစ်သလို စပါးကိုလည်း ချန်ပီယံလိဂ်ကနေ စောစောစီးစီး လှည့်ပြန်စေခဲ့သူလည်းဖြစ်ပါတယ်။ မနှစ်က ဘောလုံးရာသီအတွင်း ဆာဘစ်ဇာရဲ့လိုက်ပ်ဇစ်အသင်းနဲ့ စပါးအသင်းတို့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်မှာ ဆုံတွေ့ခဲ့ရာ ဆာဘစ်ဇာက စပါးအသင်းဘက်ကို သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ကနေ အပြုတ်တိုက်ထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက စပါးအသင်းဘက်ကနေ ဆာဘစ်ဇာရဲ့ခြေစွမ်းတွေကို နှစ်သက်ခဲ့ရတာဖြစ်ပြီး လာမယ့်နွေစျေးကွက်လောက်မှာတော့ ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်လာဖွယ် ရှိနိုင်ပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ စပါးအသင်းဘက်ကနေ ဆာဘစ်ဇာအတွက် ပြောင်းရွှေ့ကြေး ပေါင်(၄၅)သန်းခန့်လောက်အထိကို သုံးစွဲဖွယ်ရှိနေတယ်လို့ သိရပါတယ်။ တကယ်လို့ ဆာဘစ်ဇာရဲ့ အပြောင်းအရွှေ့ကိစ္စက အခြေအနေကောင်းလာခဲ့မယ်ဆိုရင်တော့ အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ အမ်ဒွန်ဘီလီကို အသင်းကနေ ပြန်လည်ရောင်းချဖွယ် ရှိနိုင်ပြီး အမ်ဒွန်ဘီလီကိုလည်း ဘာစီလိုနာအသင်းဘက်ကနေ ဆက်လက်ပစ်မှတ်ထားနေသေးတယ်လို့ မီဒီယာတွေကနေ ဖော်ပြလို့ထားပါတယ်။