ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူချင်နေတဲ့ စပါးနည်းပြ အန်တိုနီယိုကွန်တီရဲ့ အလိုရှိနေသော ကစားသမားတွေထဲမှာ အပါအဝင် ဖြစ်လို့နေတဲ့ အဒမ်မာထရာအိုရေးကို သူရဲ့လက်ရှိ ကလပ်အသင်း ဝုလ်ကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)ဝန်းကျင်လောက်နဲ့ ရောင်းထုတ်သွားဖို့ အစီအစဉ် ရှိနေတဲ့အတွက် ကွန်တီဘက်ကနေ စတင်ကြိုးပမ်းလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။

Photo Credit : The Sun

အသက်(၂၅)နှစ်အရွှယ် စပိန်လက်ရွေးစင် တောင်ပံကစားသမား ထရာအိုရေးဟာ ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ကိုယ်လုံးကိုယ်ထည်က တောင့်တင်းလှသလို အပြေးအား ကောင်းမွန်လှတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဝုလ်ဗ်အသင်းဘက်က ထရာအိုရေးကို နောက်ပိုင်းပွဲစဉ်တွေအတွင်း ပွဲထွက်ကစားသမားအဖြစ် သိပ်မသုံးတော့သလို ဆောင်းစျေးကွက်ထဲ ကစားသမားသစ် ခေါ်ယူဖို့အတွက် ဘတ်ဂျက်လိုအပ်ချက်ကြောင့် ထရာအိုရေးကို ပေါင်သန်း(၂၀)ဝန်းကျင်လောက် ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဒီလို ကလပ်အသင်း အပြောင်းအလဲ လုပ်ရဖွယ် ရှိနေတဲ့ ထရာအိုရေးကို နည်းပြကွန်တီက သူရဲ့စပါးအသင်းဆီ ခေါ်ဆောင်ချင်နေသလို စပါးရဲ့ လန်ဒန်မြို့ခံအသင်း ဝက်စ်ဟမ်းကပါ စပါးနဲ့အပြိုင် ထရာအိုရေးကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။ တကယ်တော့ ဝုလ်ဗ်အသင်းက ထရာအိုရေးကို တစ်ပတ်ပေါင်(၁)သိန်း(၂)သောင်းထိ ပေးချေပြီး စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ပေမယ့် စာချုပ်လျော်ကြေးအတွက် ဆွေးနွေးညှိနှိုင်းရမှာ အဆင်မပြေခဲ့တာကြောင့် သူရဲ့လက်ရှိ စာချုပ်သက်တမ်း မကုန်ဆုံးခင် တစ်နှစ်ခွဲအလိုမှာပဲ အသင်းကနေ ပေါင်သန်း(၂၀)ခန့်နဲ့ ရောင်းချချင်နေတာ ဖြစ်ပါတယ်။ ဝုလ်ဗ်အသင်းနည်းပြမှာလည်း အခု ဆောင်းစျေးကွက်အတွင်းမှာ အသင်းအတွက် ဗဟိုနောက်ခံလူ တောင်ပံကစားသမားနဲ့ တိုက်စစ်မှူးသစ်တွေ ခေါ်ယူသွားချင်နေတာကြောင့် ထရာအိုရေးကို ရောင်းချပြီး အသင်းရဲ့ အသုံးစရိတ်ကို ပြန်ရှာဖွယ် ရှိနေပါတယ်။