လက်ရှိအချိန် ဖေဖော်ဝါရီလရဲ့ဒုတိယအပတ်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး ဘောလုံးရာသီတစ်ခု အဆုံးသတ်တော့ အချိန်ကာလတစ်ခုကိုနားကို ဆိုက်ကပ်လာခဲ့ပြီဖြစ်တာကြောင့် ချန်ပီယံဆုတွေကိုအပြင် တန်းဆင်းဇုန်တိုက်ပွဲတွေနဲ့ ဥရောပဝင်ခွင့်တိုက်ပွဲတွေအတွက်ပါ အားပြိုင်မှုတွေက ပိုမိုပြင်းထန်လာခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဘက်မှာလည်း ချန်ပီယံဆုအတွက်က အပြိုင်အဆိုင် မဖြစ်တော့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ယူရိုပါလိဂ်ဝင်ခွင့်အတွက်တွေကတော့ အပြည့်အစုံ အဖြေပေါ်နိုင်ဖို့က ရာသီသိမ်းအထိကို ဆက်လက်စောင့်ကြည့်ရဦးမယ့် အခြေအနေတွေမှာ ရှိနေမှာသေချာပါတယ်။

Photo Credit : Getty Images

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဘက်မှာတော့ လီဗာပူးလ် မန်စီးတီးနဲ့ လက်စတာအသင်းတို့လောက်ကပဲ နောက်နှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်ချရတဲ့ အနေအထားတွေမှာ ရှိလို့နေပြီး အဆင့်၄နေရာအတွက်ကတော့ လက်ရှိအဆင့်၄နေရာမှာရှိနေတဲ့ ချယ်လ်ဆီးအပါအဝင် ရှက်ဖီးယူနိုက်တက် စပါး မန်ချက်စတာယူနိုက်တက် ဝုလ်ဗ် အဲဗာတန်နဲ့ အာဆင်နယ်အသင်းတို့က အပြိုင်ရေပန်းစားနေတာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စပါးအသင်းရဲ့နည်းပြဖြစ်သူ ဂျိုဆေးမော်ရင်ဟိုကတော့ ဒီလို ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှာ ပါဝင်နေမယ့် အသင်းစာရင်းကနေ သူရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းကို ချန်လှပ်သွားခဲ့ပါတယ်။

Photo Credit : Getty Images

မော်ရင်ဟိုက “ဝုလ်ဗ်နဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ပါ အဆင့်၄နေရာအတွက်ကို တိုက်ပွဲဝင်လာကြမှာပါ။ ဒီအသင်းတွေရဲ့ နည်းပြတွေဘက်ကနေတော့ ဒီလိုဖြစ်လာမှာမဟုတ်ဘူးလို့ ပြောကောင်းပြောလာနိုင်ပါတယ်။ ဒီလို ပြောလာခဲ့မယ်ဆိုရင်လည်း ကျွန်တော်သူတို့ကိုနားလည်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ သူတို့ တိုက်ပွဲဝင်မှာပါ။ ဒါက သူတို့ရဲ့လက်ရှိရပ်တည်မှုတွေကြောင့် မဟုတ်ပါဘူး။ သူတို့အသင်းရဲဲ့စွမ်းဆောင်ရည်နဲ့ အရည်အသွေးတွေကြောင့်ပါပဲ။ ဒီလိုအခြေအနေမျိုးတစ်ခုရောက်လာအောင် သူတို့လုပ်ဆောင်နိုင်ခဲ့တာဖြစ်လို့ သူတို့အခုထက် ပိုပျော်ရွှင်နေသင့်ပါတယ်။ ဒါက စပါး အာဆင်နယ် ချယ်လ်ဆီး အဲဗာတန်အသင်းတို့အတွက်ပဲ တိုက်ပွဲတစ်ခု မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ချည်းပဲ ဒီထဲမှာ ပါဝင်နေတာမဟုတ်တော့ဘူး။ သူတို့အသင်းနှစ်သင်းနဲ့ပတ်သက်ပြီးတော့ အရမ်းမိုက်တဲ့ အသင်းတွေလို့ပဲ ပြောချင်ပါတယ်” လို့ ရှင်းလင်းပြောဆိုလာကာ အသင်းဟောင်းယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်စာရင်းကနေ ဖယ်ရှားပြောဆိုခဲ့ပါတယ်။