မန်စီးတီးအသင်းရဲ့နည်းပြ ပတ်ဂွာဒီယိုလာကတော့ အသင်းနဲ့ (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီးနောက် ပထမဆုံး ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း သူရဲ့ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်နေတဲ့ ဟိုဆေးမော်ရင်ဟိုရဲ့ စပါးအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး စပါးကို (၂)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာကြောင့် ဂွာဒီယိုလာဟာ သူရဲ့ နည်းပြဘဝတလျှောက် အဆိုးရွှားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်နေရသလို အသင်းကလည်း အမှတ်ပေးပွဲ (၈)ပွဲကစားထားပြီးနောက်မှာ (၁၀)ဂိုးသာ သွင်းယူထားနိုင်တဲ့အထိ တိုက်စစ်စွမ်းရည် ကျဆင်းလို့နေပါတယ်။

Photo Credit : Eurosport

ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့နည်းပြဟောင်း ဂွာဒီယိုလာဟာ သူနဲ့ခေတ်ပြိုင်နည်းပြဖြစ်တဲ့ မော်ရင်ဟိုနဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီးနောက် မော်ရင်ဟိုကို အသာစီးရယူနိုင်ခဲ့ပေမယ့်လည်း အခုတစ်ကြိမ် ပြန်လည်ဆုံတွေ့မှုမှာတော့ နည်းစနစ်ပိုင်း ပိုကောင်းမွန်စွာ ပြင်ဆင်လာခဲ့တဲ့ မော်ရင်ဟိုရဲ့စပါးအသင်းကို အရေးနိမ့်သွားခဲ့ရပါတယ်။ ဒီပွဲမှာ မော်ရင်ဟိုရဲ့စပါးအသင်းက ခံစစ်ပိုင်းကို သေချာပြင်ဆင်လာခဲ့ပြီး အသင်းဘက်ကနေ အမှားအယွင်းနည်းအောင် ကစားနိုင်ခဲ့သလို ရလာတဲ့ အခွင့်အရေးအနည်းငယ်ကနေလည်း အနိုင်ဂိုးတွေ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

အခုလို သူတို့အသင်းကို အနိုင်ယူခဲ့တဲ့ စပါးအသင်းနဲ့ပတ်သက်ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာက “သူတို့က အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကိုတောင် ရောက်ရှိလို့နေပါပြီ။ ဒါကြောင့်ပဲ တခြားအသင်းတွေအားလုံးထက် သူတို့က အမှတ်ပေးချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့်အသင်းဖြစ်နေတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ လက်ရှိမှာ ကျွန်တော်တို့အသင်းက ထိပ်ဆုံးကို ရောက်နေတဲ့ စပါးနဲ့ (၈)မှတ်အထိ ကွာဟနေတယ်ဆိုပေမယ့် သူတို့အသင်းထက် တစ်ပွဲလျော့ပြီး ကစားထားသလို တခြားပွဲတွေကနေလည်း အမှတ်တွေရယူနိုင်ဦးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့အထက်မှာ အခြားအသင်းတွေ အများကြီးရှိနေတာကိုလည်း မေ့ထားလို့မရပါဘူး။ ကျွန်တော်တို့အနေနဲ့ ပွဲတိုင်းကို အနိုင်ရယူဖို့ဆိုတာ မဖြစ်နိုင်မှန်း သိပေမယ့်လည်း အနိုင်ရဖို့အတွက်ကိုတော့ ကြိုးစားကစားမယ်ဆိုတာကိုတော့ သိထားရပါလိမ့်မယ်။ အခုလို ပွဲမျိုးမှာက ကျွန်တော်တို့တွေ အရမ်းကြီး စွမ်းဆောင်ရည်ပိုင်းမှာ မနှိမ့်ကျခဲ့ပေမယ့်လည်း သွင်းဂိုးရယူနိုင်ဖို့အတွက်တော့ ရုန်းကန်နေခဲ့ရတယ်။ လက်ရှိအချိန်မှာ လိဂ်ပြိုင်ပွဲအတွင်း (၁၀)ဂိုးပဲ သွင်းယူထားနိုင်တယ်ဆိုတာ လုံလောက်မှု ရှိမနေဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အသက်(၄၉)နှစ်အရွှယ်ရှိ နည်းပြဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ၂၀၁၆ခုနှစ်ကမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ်ဆုဖလားကို (၂)ကြိမ်တိုင်တိုင် ရယူပေးနိုင်ခဲ့ပါတယ်။