တော့တင်ဟမ် ဟော့စပါးအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကော်နာ ဂါလက်ဂါကို ခေါ်ယူဖို့ ခက်ခဲနေရတာကြောင့် မန်ချက်စတာ ယူနိုက်တက်က စကော့တလန် ကွင်းလယ်လူ စကော့ မက်တွမ်မီနေးကိုပဲ ပိုမို စိတ်ဝင်စားလာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။
စပါးအသင်းဟာ ဒီနွေဈေးကွက်အတွင်းမှာပဲ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ ရှိနေပြီး ချယ်လ်ဆီးက အင်္ဂလန် ကွင်းလယ်လူ ဂါလက်ဂါကိုလည်း ပစ်မှတ်ထားလျက် ရှိနေပေမယ့်လည်း အသင်းဆီ ခေါ်ယူနိုင်ဖို့က ခက်ခဲလျက် ရှိနေရတာကြောင့် တခြားသော ကွင်းလယ်ကစားသမားတွေကိုသာ ပြောင်းလဲ ပစ်မှတ်ထားလာရပါတယ်။
Photo Credit : Transfermarket
လက်ရှိ စပါးအသင်းရဲ့ ကွင်းလယ်ပစ်မှတ်တွေထဲမှာ ယူနိုက်တက် ကွင်းလယ်ကစားသမား တွမ်မီနေးလည်း အပါအဝင် ဖြစ်လာခဲ့ပါတယ်။ အသက် (၂၇)နှစ်အရွယ် စကော့တလန် လက်ရွေးစင် ကစားသမားဟာ ဒီနွေဈေးကွက်မှာပဲ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိနေပြီး သူ့ကိုလည်း စပါးအပါအဝင် ကလပ်အသင်းတချို့က စိတ်ဝင်စားလျက် ရှိနေပါတယ်။
တွမ်မီနေးကို ခေါ်ယူနိုင်ဖို့ ဖူလ်ဟမ်နဲ့ တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းတို့က ကမ်းလှမ်းမှုတွေ အသီးသီး လုပ်ဆောင်ခဲ့ကြပေမယ့် ပယ်ချခံထားရပြီး ယူနိုက်တက်ဘက်ကတော့ တွမ်မီနေးအတွက် သူတို့အသင်း အလိုရှိနေတဲ့ ပေါင် သန်း(၃၀)တန် ကမ်းလှမ်းမှုမျိုး ရရှိလာမှသာ လက်ခံ စဉ်းစားသွားဖွယ် ရှိနေပါတယ်။
Photo Credit : Reuters
စပါးဘက်ကလည်း ဒီနွေမှာပဲ ကွင်းလယ်လူ ဟွိုင်ယဘက်ကို အသင်းကနေ ရောင်းထုတ်သွားဖို့ ရှိနေတာကြောင့် တွမ်မီနေးကို အရ ခေါ်ယူဖွယ် ရှိနိုင်ပေမယ့် စပါးနဲ့ ယူနိုက်တက်တို့ကြားမှာ ကစားသမား အပြောင်းအရွှေ့ ကိစ္စတွေ အဆင်ပြေပြေ ဖြစ်လာဖို့ဆိုတာကတော့ အနည်းငယ် ခက်ခဲဖို့ ရှိနေရပါတယ်။
ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်က တိုက်စစ်မှူး ဟယ်ရီကိန်းကို စပါးကနေ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ရာမှာ စပါးက ပြည်တွင်း ပြိုင်ဘက်အသင်းတွေဆီ ရောင်းချဖို့ ငြင်းဆန်ခဲ့ဖူးသလို မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးကိုပဲ တောင်းဆိုခဲ့ဖူးတဲ့ အခြေအနေတွေကြောင့် ယူနိုက်တက်နဲ့ စပါးအသင်းတို့ကြားမှာ ကစားသမား အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။