တော့တင်ဟမ်ဟော့စပါးအသင်းဟာ အခု ဆောင်းဈေးကွက်အတွင်းမှာ ဗီလာရီးယဲလ်အသင်းကနေ အဲဗာတန်အသင်းဆီ ပြောင်းရွေ့ ရောက်ရှိဖို့ နီးစပ်နေပြီဖြစ်တဲ့ နယ်သာလန် တောင်ပံကစားသမား ဒန်ဂျူးမားကို ကြားဖြတ် ခေါ်ယူသွားနိုင်ရန် ကြိုးပမ်းနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Image

Photo Credit : Twitter

နယ်သာလန် ကစားသမား ဒန်ဂျူးမားဟာ ဘုန်းမောက်ကနေ ဗီလာရီးယဲလ်အသင်းဆီ စတင် ရောက်ရှိခါစတုန်းက အသင်းမှာ အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ (၆)ဂိုးအထိ သွင်းယူထားနိုင်သလို အသင်းကိုပါ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီနှောင်းပိုင်းမှာပဲ ကြွက်သားဒဏ်ရာ ရရှိခဲ့မှုကြောင့် ဒန်ဂျူးမားဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာ ဗီလာရီးယဲလ်အတွက် ပွဲကစားခွင့် အကန့်အသတ်တွေနဲ့ ဖြစ်လာခဲ့ရပြီး ဒီရာသီအတွင်း လာလီဂါပွဲစဉ်မှာလည်း (၄)ပွဲသာ ပွဲထွက်ကစားထားခဲ့ရပါတယ်။

Image

Photo Credit : Twitter

အသက်(၂၅)နှစ်အရွယ်ရှိ နယ်သာလန် တောင်ပံကစားသမား ဒန်ဂျူးမားဟာ နယ်သာလန်ကလပ် NEC အသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် ဘယ်လ်ဂျီယံ ထိပ်သီးကလပ် ကလပ်ဘရုဂေးအသင်းဆီ ပြောင်းရွေ့ခဲ့သလို ဘရုဂေးမှာ တစ်ရာသီ ကစားအပြီးမှာပဲ ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်ဆီ ထပ်မံ ပြောင်းရွေ့ဖြစ်ခဲ့ပြန်ပါတယ်။ ဘုန်းမောက်မှာ ပထမတစ်ရာသီအတွင်း ပွဲကစားခွင့် အနည်းငယ်သာ ရှိခဲ့ရပေမဲ့ ဒုတိယရာသီ ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီ တန်းဆင်းခဲ့ရတဲ့ ရာသီမှာတော့ ဘုန်းမောက်အတွက် ပွဲကစားခွင့်တွေ များစွာ ပြန်ရလာခဲ့ပြီး ရာသီအကုန်မှာ ဘုန်းမောက်ရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ ဗီလာရီးယဲလ်ကို ရောက်ရှိလာခဲ့တဲ့ ဒန်ဂျူးမားဟာ လက်ရှိမှာတော့ ဗီလာရီးယဲလ်ကနေ ထွက်ခွာသွားရဖို့ ရှိနေပြီး သူ့ကိုလည်း အဲဗာတန်အသင်းကနေ ခေါ်ယူဖို့ သဘောတူညီမှုပါ ရယူထားပြီးချိန် မမျှော်လင့်ပဲ စပါးအသင်းကပါ ဒန်ဂျူးမားကို ကြားဖြတ် ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။ စပါးအသင်းက ဘုန်းမောက်ကစားသမားဟောင်းကို (၆)လအငှား+အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ကမ်းလှမ်းထားပြီး ကစားသမားအနေနဲ့ အဲဗာတန်နဲ့ ဆေးစစ်ထားခဲ့ပြီးမှ စပါးရဲ့ ကြားဖြတ် ကြိုးပမ်းလာမှုကြောင့် သူရဲ့အနာဂတ်က အပြောင်းအလဲ ဖြစ်လာရဖွယ် ရှိနေပြီး စပါးအသင်းဆီ ပြောင်းရွေ့ရဖွယ်လည်း ရှိလာနိုင်ပါတယ်။