အသင်းရဲ့ ပင်တိုင်ဂိုးသမားကြီး ဟူဂိုလိုရစ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ စပါးအသင်းဟာ လိုရစ်နဲ့ စာချုပ်သက်တမ်း မတိုးနိုင်တော့ပဲ အသင်းကနေ လက်လွတ်လိုက်ရချိန်မှာ သူ့နေရာကို အစားထိုး ဝင်ရောက်နိုင်မယ့် ဂိုးသမားတစ်ယောက်ကို အလိုရှိနေတာကြောင့် အတ္တလန်တာအသင်းရဲ့ အီတလီဂိုးသမား ပယ်လူအီဂိုလီနီကို ပစ်မှတ်ထားလျက်ရှိနေပြီး အရခေါ်ယူသွားနိုင်ဖို့ ကြိုးပမ်းမှုတွေကိုလည်း စတင်လုပ်ဆောင်နေပြီလို့ သိရှိရပါတယ်။

Photo Credit : Sportslens

အသက်(၂၆)နှစ်အရွှယ်ရှိ အီတလီဂိုးသမား ဂိုလီနီဟာ မန်ချက်စတာယူနိုက်တက် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ယူနိုက်တက်မှာတော့ အခွင့်အရေး မရခဲ့ပဲ စီးရီးအေကလပ် ဗီရိုနာအသင်းမှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့ရပါတယ်။ ဗီရိုနာမှာ (၂)နှစ်နီးပါး ပါဝင်ကစားခဲ့ပြီးနောက်မှာ ဂိုလီနီဟာ အင်္ဂလန်ကို ပြန်သွားခဲ့ပြီး အက်စတွန်ဗီလာအသင်းနဲ့ (၂)ရာသီ ဖြတ်သန်းခဲ့ပါသေးတယ်။ ၂၀၁၇ခုနှစ်မှာတော့ ဂိုလီနီဟာ အတ္တလန်တာအသင်းဆီကို (၁၈)လအငှားနဲ့ သွားရောက်ကစားခဲ့ပြီး အငှားစာချုပ် ပြည့်ချိန်မှာပဲ အတ္တလန်တာကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Under A Gaslit Lamp

ဂိုးသမားဂိုလီနီဟာ အတ္တလန်တာအသင်းဆီ စတင်ရောက်ရှိခဲ့ချိန် အသင်းမှာ ပွဲထွက်ခွင့်တွေ သိပ်မရရှိခဲ့ပေမယ့်လည်း ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကနေ စတင်ပြီး ပွဲအရေအတွက်များစွာ ကစားခွင့်ရလာခဲ့သလို ပြီးခဲ့တဲ့ရာသီအတွင်းမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၃၂)ပွဲအထိကို ပါဝင်ထားခဲ့ရပါတယ်။ ဂိုလီနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ အတ္တလန်တာအသင်းအတွက် စီးရီးအေပွဲပေါင်း (၂၅)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၁၀)ပွဲကို ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် သူ့ကို စပါးအသင်းကနေ စိတ်ဝင်စားလာခဲ့ရတာဖြစ်သလို ကမ်းလှမ်းမှုတွေကိုလည်း စတင်လုပ်ဆောင်တော့မယ်လို့ အပြောင်းအရွှေ့ဂုရု ဖာဘရီဇီယိုရိုမာနိုကနေ သူရဲ့တွစ်တာကနေ ဖော်ပြလာခဲ့ပါတယ်။ စပါးအသင်းဟာ ဂိုလီနီကို တစ်ရာသီအငှားစာချုပ်နဲ့ စတင်ကမ်းလှမ်းသွားမှာဖြစ်ပေမယ့် အငှားစာချုပ်ပြည့်ချိန်မှာ နောက်တစ်ရာသီ အငှားသက်တမ်းတိုးခွင့် အပါအဝင် ပြောင်းရွှေ့ကြေး ယူရို(၁၅)သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်တွေကိုပါ တစ်ပါတည်း ထည့်သွင်းကမ်းလှမ်းသွားမှာဖြစ်ပါတယ်။ လက်ရှိ စပါးအသင်းရဲ့ ဂိုးသမားအပိုင်းမှာ လိုရစ် ဂျိုးဟတ် ဝုဒ်မန်းတို့ ရှိနေပေမယ့် အရန်ဂိုးသမား(၂)ဦးက လိုရစ်လောက် အရည်အသွေး မပြည့်ဝတာဖြစ်လို့ အခုလို အီတလီ ဂိုးသမား ဂိုလီနီကို ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။