MySport Myanmar

ဂျိမ်းစ် မက်ဒီဆန်ကို ခေါ်ယူသွားနိုင်ဖို့ အလွန် နီးစပ်လာတဲ့ စပါး

စပါးအသင်းကတော့ မနေ့ညကပဲ အမ်ပိုလီအသင်းရဲ့ အီတလီ ဂိုးသမား ဗီကာရီယိုကို ယူရို (၁၉)သန်းနဲ့ ခေါ်ယူလို့အပြီး ဒီနွေရဲ့ ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှုအဖြစ် လက်စတာရဲ့ အင်္ဂလန် ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆန်ကို ထပ်မံ ခေါ်ယူနိုင်တော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရတဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ကစားသမား မက်ဒီဆန်ကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာက ခေါ်ယူချင်နေတာဖြစ်ပြီး ဒီထဲကမှ နယူးကာဆယ် နဲ့ စပါးတို့က အခေါ်ယူချင်ဆုံး အသင်းတွေအဖြစ် ရှိနေခဲ့ပါတယ်။ အခုတော့ မက်ဒီဆန်ဟာ စပါးအသင်းဆီကို ပြောင်းရွှေ့ဖို့ သူ့ဘက်ကနေ မီးစိမ်းပြခဲ့ပြီ ဖြစ်သလို လက်စတာကလည်း စပါးရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ အလွန် နီးစပ်နေပြီပဲ ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano

တကယ်တော့ မက်ဒီဆန်က နယူးကာဆယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ပိုမို ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် ဒီနေရာမှာတော့ စပါးအသင်းရဲ့ ဥက္ကဌဖြစ်သူ ဒန်နီရယ်လီဗီးက သူ့အသင်းအတွက် မက်ဒီဆန်ကို ရရှိဖို့ အပီအပြင် ကြိုးပမ်းခဲ့တာကြောင့် အခုဆိုရင် အပြောင်းအရွှေ့က အထမြောက်လုနီး ဖြစ်လာခဲ့ပါတယ်။ စပါးက မက်ဒီဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)နဲ့ ကမ်းလှမ်းလို့ထားပြီး ဒီကမ်းလှမ်းမှုကိုလည်း လက်စတာဘက်က နှုတ်အားနဲ့ သဘောတူညီထားတယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။

လက်ရှိမှာတော့ မက်ဒီဆန်ရဲ့ အပြောင်းအရွှေ့အတွက် အပိုဆုကြေး နဲ့ ငွေပေးချေမှု ပုံစံတွေအတွက် နောက်ဆုံး အသေးစိတ် အချက်အလက်တွေကို ဆက်လက် ဆွေးနွေးနေပြီလို့ သိရှိရပါတယ်။

Exit mobile version