ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်က ရီးရဲလ်မက်ဒရစ်အသင်းကနေ ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက်အသင်းဆီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောက်ရှိလာခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့်ကစားသမား အိန်ဂျယ်ဒီမာရီယာဟာ အင်္ဂလန်မြေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ခဲ့ရပြီး အခုဆိုရင် အသင်းနဲ့ကလည်း စာချုပ်သက်တမ်းက လပိုင်းလောက်သာ ကျန်ရှိနေတော့တာဖြစ်လို့ စပါးအသင်းဘက်ကနေ ဒီကစားသမားကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : PSG Talk

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဒီမာရီယာဟာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာပဲ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းနဲ့ အံ့ဝင်နိုင်ခြင်းမရှိပဲ တစ်နှစ်အကြာမှာပဲ ပီအက်စ်ဂျီအသင်းဆီကို ပြန်လည်ရောင်းချဖြစ်လိုက်ရပါတယ်။ အခုဆိုရင်တော့ ဒီမာရီယာဟာ ပီအက်စ်ဂျီအသင်းနဲ့ (၆)ရာသီမြောက်ကို ဖြတ်သန်းလို့ရှိနေပေမယ့် ဒီရာသီအကုန်မှာတော့ အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ အခုဆောင်းစျေးကွက်မှာပဲ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးနိုင်တော့မှာဖြစ်ပါတယ်။

Photo Credit : PSG Talk

လက်ရှိမှာတော့ ဒီမာရီယာဟာ သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ အာဂျင်တီးနားလူမျိုး နည်းပြမာရီစီယိုပိုချက်တီနိုရဲ့လက်အောက်မှာ ပွဲထွက်ကစားခွင့်တွေ ရရှိလို့နေပြီး အသင်းဘက်ကနေလည်း သူ့ကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေတယ်ဆိုပေမယ့် ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် သတင်းမီဒီယာ L’Equipe ရဲ့ ဖော်ပြချက်တွေအရ ပိုချက်တီနိုရဲ့အသင်းဟောင်း စပါးက ဒီမာရီယာကို နွေစျေးကွက်အတွင်းမှာ အရခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ဒီမာရီယာက ပိုချက်တီနိုလက်အောက်မှာ အသင်းအတွင်း ပွဲထွက်ခွင့်တွေ ပိုပြီးရလာနိုင်တယ်ဆိုပေမယ့် ဒီမာရီယာက အသက်အရွှယ်အရ (၃၃)နှစ်နားကပ်နေပြီဖြစ်တာကြောင့် အသင်းဘက်ကနေ သူ့ကို တစ်နှစ်လောက်သာ သက်တမ်းတိုးဖွယ် ရှိနိုင်တာတွေကြောင့် ဒီမာရီယာကိုယ်တိုင် အခြားသော ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကိုပါ စောင့်ကြည့်သွားဖွယ် ရှိနေပါတယ်။ လတ်တလောမှာလည်း ပီအက်စ်ဂျီအသင်းဘက်က စပါးရဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေပြီး အလီကိုယ်တိုင်ကလည်း မော်ရင်ဟိုလက်အောက် အသင်းမှာ ကစားခွင့်တွေ ပျောက်ဆုံးနေရတာကြောင့် အခုစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာချင်နေပါတယ်။