ဘောလုံးသမား အပြောင်းအရွှေ့တွေကို ခိုင်ခိုင်မာမာ ဖော်ပြနေကြဖြစ်တဲ့ အပြောင်းအရွှေ့သတင်း ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်တွေအရ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား တန်ဂွီအမ်ဒွန်ဘီလီရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး စပါးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ကြား ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Times

ပြင်သစ်ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီဟာ စပါးအသင်းရဲ့ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို မိုကမ်ဘီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အက်အေဖလားပွဲအတွင်း လူစားလဲခံရချိန်မှာ ကွင်းအတွင်းကနေ နှေးကွေးစွာ ထွက်လာခဲ့လို့ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ပါ ကြုံတွေ့ထားရတာ ဖြစ်ပါတယ်။ အသင်းနည်းပြ ကွန်တီနဲ့ပါ အဆင်မပြေ ဖြစ်နေရတဲ့ အမ်ဒွန်ဘီလီကို စပါးအသင်းဘက်ကနေ အခုစျေးကွက်အတွင်းမှာပဲ ရှင်းထုတ်သွားချင်နေပြီး ဒီခလို အခြေအနေ ရှိလို့နေတဲ့ အမ်ဒွန်ဘီလီကိုလည်း ပီအက်စ်ဂျီအသင်းကနေ အလိုရှိလာခဲ့ပါတယ်။

Photo Credit : The Sun

ပြင်သစ်လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ အသက်(၂၅)နှစ်အရွှယ် ကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီကို ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ အငှားနဲ့ ခေါ်ယူသွားချင်နေတာဖြစ်ပြီး စပါးအသင်းကတော့ အမ်ဒွန်ဘီလီကို အငှားချရာမှာ ကစားသမားရဲ့ လုပ်ခလစာကို အငှားခေါ်ယူထားတဲ့ အသင်းဘက်ကနေ အပြည့်အဝ ပေးချေစေချင်ပြီး အငှားစာချုပ် ပြည့်မြောက်ချိန်မှာလည်း အပြီးသတ် ခေါ်ယူစေချင်တာ ဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး အသင်းနှစ်သင်းရဲ့ကြားမှာ လာမယ့်နာရီပိုင်းအတွင်း ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်သွားကြလိမ့်မယ်လို့ ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက မက်ဆီ ရာမို့စ် အပါအဝင် ထိပ်တန်းကစားသမားတွေ များစွာကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့လူစာရင်းမှာ ပြင်သစ်လူမျိုး ကစားသမား အရေအတွက်ကိုပါ မြင့်တတ်စေဖို့အတွက် အမ်ဒွန်ဘီလီကို ခေါ်ယူချင်နေတာ ဖြစ်သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းပရိသတ်တွေနဲ့ပါ အဆင်မပြေ ဖြစ်နေတာကြောင့် စပါးအသင်းကနေ အမြန်ဆုံးကို ထွက်ခွာချင်နေပါတယ်။