တော့တင်ဟမ် ဟော့စပါးအသင်းဟာ ဂျီနိုအာအသင်းရဲ့ ရိုမေးနီးယား ခံစစ်ကစားသမား ရာဒူ ဒရာဂူဆင်ကို ခေါ်ယူသွားဖို့အတွက် အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ Sky သတင်းမီဒီယာရဲ့ နာမည်ကျော် သတင်းထောက် Florian Plettenberg က ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဂျုဗင်တပ်စ် ကစားသမားဟောင်း ဒရာဂူဆင်ကို ခံစစ်ပိုင်း လိုအပ်ချက်တွေ ရှိနေတဲ့ စပါးအသင်းက ခေါ်ယူ ဖြည့်တင်းသွားချင်နေပေမယ့် ဒီကစားသမားကို နာပိုလီ နဲ့ ဘိုင်ယန်မြူးနစ်တို့ကပါ အပြိုင် စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : Cartilage Free Captain

ဒီနောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာ ဘိုင်ယန်က စပါးပစ်မှတ် ဒရာဂူဆင်ကို ကြားဖြတ် ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့တယ်လို့ သတင်းထွက်ပေါ်လာပေမယ့်လည်း Florian Plettenberg ရဲ့ ဖော်ပြချက်မှာတော့ ဘိုင်ယန်ဘက်က ဒရာဂူဆင်အတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားခြင်း မရှိဘူးလို့ သိရပါတယ်။

ကစားသမားဘဝကို အီတလီမြေမှာသာ ကျင်လည်ဖူးခဲ့တဲ့ ဒရာဂူဆင်ကိုယ်တိုင်ကလည်း စပါးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာသာ ကျင်လည်သွားချင်နေတာကြောင့် စပါးဘက်က အရှိန်အဟုန်မြင့် ကြိုးပမ်းလာခဲ့ရာ အခုတော့ သဘောတူညီမှုပါ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Plettigoal

စပါး နဲ့ ဒရာဂူဆင်တို့ကြားမှာ personal agreed ကို အစောကြီးကတည်းက ရရှိထားခဲ့ပေမယ့် စပါး နဲ့ ဂျီနိုအာအသင်းတို့ကြား သဘောတူညီမှု ရရှိဖို့ ကြန့်ကြာနေတာကြောင့် အခုလို ဘိုင်ယန်ကပါ ဒီအပြောင်းအရွှေ့မှာ ကြားဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။

အခုတော့ စပါးဘက်က ဒရာဂူဆင်အတွက် ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်း + အပိုဆုကြေးအပြင် ဂျက်စပန့်ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အငှားချပေးသွားမယ့် ကမ်းလှမ်းမှုကို ဂျီနိုအာက လက်ခံလိုက်ပြီဖြစ်တာကြောင့် အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်သလို ကစားသမားကိုလည်း ၂၀၂၉ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာပဲ ဖြစ်ပါတယ်။