အမှတ်လိုအပ်ချက်မရှိတော့လို့ ပွဲတိုင်ကို ဖိအားကင်းကင်းနဲ့ ကစားနေနိုင်တဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ်ဝင်ခွင့်လောက် အရယူနိုင်အောင် ကြိုးပမ်းနေရတဲ့ စပါးအသင်းတို့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၆)အဖြစ် စိန့်ဂျိမ်းစ်ပတ်ကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး စပါးက (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်နယူးကာဆဲလ်အသင်းက ၄-၄-၁-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဂေးလ် အယ်မီရွန် ဘန်တာလက် စိန့်မက်ဆီမန် ရှယ်ဗေး ရစ်ချီ ခရက်ဖ် ဖေဘီယန်ရှား ဖာနန်ဒက်ဇ် ယက်ဒလင်း ဒူဘရက်ကာတို့ကို ပွဲထွက်လူစာရင်းမှာ သုံးစွဲလာခဲ့ပါတယ်။ စပါးကတော့ ၄-၄-၂ ကစားကွက်နဲ့အတူ ကိန်း ဆွန်ဟောင်မင် လိုဆယ်ဆို ဟယ်ရီဝင့်စ် ဆစ်ဆိုခို မော်ရာ ဒေးဗီစ် အယ်ဒါဝီရယ် ဆန်းချက်ဇ် အော်ရီရာနဲ့ လိုရစ်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ပွဲအစပိုင်းတွေမှာ အိမ်ရှင်နယူးကာဆဲလ်ဘက်က ထိုးဖောက်မှုတွေ များစွာပြုလုပ်နိုင်ခဲ့ပြီး သိပ်ထိရောက်မှုတော့ မရှိခဲ့ပါဘူး။ ပွဲချိန်(၂၇)မိနစ်မှာတော့ စပါးတို့ ပထမဆုံးအကြိမ် ဂိုးပေါက်တည့်မတ်အောင် စတင်ကန်နိုင်ခဲ့ပြီး အဲ့ဒီပထမအကြိမ်ကနေပဲ သွင်းဂိုးစတင်ရရှိသွားခဲ့ပါတယ်။ သွင်းဂိုးကိုတော့ ဆွန်ဟောင်မင်ကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ စပါးက ပထမပိုင်းတစ်ပိုင်းလုံး ဆွန်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် တိုက်စစ်ဆင်မှုတွေကိုတော့ အိမ်ရှင်အသင်းလောက် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

Photo Credit : Getty Image

ပထမပိုင်းမှာကတည်းက စပါးဘက်ကို အကြိမ်ကြိမ်ထိုးဖောက်နိုင်ခဲ့တဲ့ နယူးကာဆဲလ်ဟာ ဒုတိယပိုင်း ပွဲကစားချိန် (၅၆)မိနစ်မှာပဲ ချေပဂိုးကို ပိုင်ဆိုင်ခဲ့ပြီး လူစားဝင်တောင်ပံကစားသမား လာဇာရိုရဲ့အတိုးအလှုပ်တွေကနေတစ်ဆင့် အခွင့်အရေးရသွားခဲ့တဲ့ ရစ်ချီက အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် (၄)မိနစ်အကြာမှာပဲ စပါးဘက်ကနေ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ဘာ့ဂျ်ဝင်းရဲ့ဖြတ်တင်မှုကနေတစ်ဆင့် ကိန်းကခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ပွဲပြီးခါနီးမှာလည်း ကိန်းကပဲ အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုး ခေါင်းတိုက်သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။