ဒီနေ့ ဇွန်လ(၂၄)ရက်နေ့ မနက်အစောပိုင်းမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းတို့ လန်ဒန်ဒါဘီပွဲစဉ်ကတော့ စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး အိမ်ရှင်အသင်းကပဲ တစ်ပွဲလုံးနီးပါး ဖိအားပေးကစားနိုင်ခဲ့ကာ (၂)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်နိုင်ပွဲရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်စပါးဘက်မှာ ဟယ်ရီကိန်း အလီ ဆွန်ဟောင်မင် မော်ရာ ဆစ်ဆိုခို လိုဆယ်ဆို အော်ရီယာ ဆန်းချက်ဇ် ဒိုင်ယာ ဘင်ဒေးဗီစ်နဲ့ လိုရစ်တို့ ပါဝင်လာခဲ့သလို လန်ဒန်မြို့ခံအသင်းဖြစ်တဲ့ ဝက်စ်ဟမ်းဘက်မှာလည်း အန်တိုနီယို ရိုက်စ် ဆိုချော့ ဖော်နယ်စ် ဘိုဝင် နိုဘယ် ဖရက်ဒရစ် ဒီအော့ ဗယ်ဘွေနာ ခရော့့စ်ဝဲလ်နဲ့ ဖာဘီယန်စကီးတို့ ပါဝင်ထားပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာ စပါးအသင်းဘက်က တစ်သင်းလုံး ဖိအားပေးကစားခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ ခံစစ်ကစားပုံကြောင့် ဂိုးရဖို့ ခက်ခဲနေခဲ့ရသလို ဟယ်ရီကိန်းကလည်း စပါးတိုက်စစ်မှာ ပုံစံကောင်းပျောက်ဆုံးနေခဲ့ပါတယ်။ ပိုဆိုးတာကတော့ ပထမပိုင်းပြီးခါနီးမှာ စပါးဘက်က ဆွန်ဟောင်မင်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ဂိုးရခဲ့ပေမယ့် VAR မှာတော့ လူကျွံခဲ့လို့ အဖွင့်ဂိုးပိုင်ဆိုင်ဖို့ပါ လွဲချော်ခဲ့ရပြန်ပါတယ်။

Photo Credit : Getty Image

ပထမပိုင်းမှာကတည်းက ဦးဆောင်ဂိုးစတင်ရရှိသင့်တဲ့ စပါးအသင်းဟာ ဒုတိယပိုင်းမှာလည်း သွင်းဂိုးရဖို့ ဆက်လက်ရုန်းကန်နေရဆဲဖြစ်ပြီး အပိုင်ကန်သွင်းခွင့်ကို ဟယ်ရီကိန်းက ဂိုးပေါက်လွဲချော်အောင် ကန်မိခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်(၆၄)မိနစ်မှာတော့ စပါးတို့ ထောင့်ကန်ဘောကနေ သူတို့အလိုရှိနေတဲ့ သွင်းဂိုးကို စတင်ပိုင်ဆိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဝက်စ်ဟမ်းဘက်ကနေ ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ရာကနေ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် (၈၂)မိနစ်မှာလည်း တစ်ပွဲလုံးခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဟယ်ရီကိန်းက စပါးအတွက် ဒုတိယဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။