အသက်လက်တီကို မက်ဒရစ်အသင်းရဲ့ ယူ-၁၉ လူငယ်အသင်းမှာ နည်းပြတစ်ဦးအဖြစ် ဆောင်ရွှက်နေတဲ့ စပိန် ဘောလုံးသမားဟောင်းကြီး ဖာနန်ဒို တောရက်စ်ဟာ ဒီရာသီအကုန်မှာပဲ ယူ-၁၉ နည်းပြရာထူးကို စွန့်ခွာသွားတော့မယ်လို့ သိရပါတယ်။

အသက် (၄၀)အရွယ် ရှိနေပြီဖြစ်တဲ့ တောရက်စ်ဟာ အသက်လက်တီကိုမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း လီဗာပူးလ် ချယ်လ်ဆီး အေစီမီလန်တို့လို ဥရောပထိပ်သီး ကလပ်အသင်းတွေမှာ ဖြတ်သန်းခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Photo Credit : The Athletic

၂၀၁၉ခုနှစ်အရောက်မှာပဲ ဘောလုံးသမားဘဝကနေ တရားဝင် အနားယူလိုက်တဲ့ တောရက်စ်က (၂)နှစ်အကြာမှာတော့ နည်းပြလောကထဲကို စတင် ဝင်ရောက်လာရင်း အသက်လက်တီကို ယူ-၁၉အသင်း နည်းပြတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

နည်းပြ တောရက်စ်ရဲ့လက်ထက်မှာ အသက်လက်တီကို ယူ-၁၉အသင်းက တိုးတက်လာခဲ့ပြီး ဒီရာသီမှာဆိုရင်လည်း အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေလျက် ရှိတဲ့အပြင် ဒုတိယနေရာက မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ် ယူ-၁၉ကိုလည်း (၆)မှတ်အထိပါ ဖြတ်တောက်ထားပါသေးတယ်။

Photo Credit : Football Espana

တောရက်စ်က အသက်လက်တီကို ယူ-၁၉အသင်းကို (၃)နှစ်အထိ ကိုင်တွယ်ပြီးချိန်မှာ အသက်လက်တီကို အရန်အသင်းမှာ နည်းပြလုပ်ဖို့ စိတ်ကူးထားပေမယ့် လက်ရှိ တီကို အရန်အသင်းနည်းပြကလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတာကြောင့် တီကိုနည်းပြ ဆီမြွန်နီရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပြောင်းလဲလုပ်ကိုင်ဖို့ စိတ်ဝင်စားနေပါတယ်။

ဒီလိုမှမဟုတ်ရင်လည်း ကလပ်အသင်း တစ်သင်းသင်းရဲ့ နည်းပြရာထူးကို ရယူသွားဖို့ ဆန္ဒရှိနေတာကြောင့် တောရက်စ်ကို လာမယ့်ရာသီမှာ အသက်လက်တီကို စီနီယာအသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ်နဲ့ပဲ မြင်တွေ့ရမလား ဒါမှမဟုတ် ကလပ်အသင်း တစ်သင်းသင်းရဲ့ နည်းပြအဖြစ်နဲ့ မြင်တွေ့ရမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။