ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဖြစ်သူ ဖာရန်း တောရက်စ် ကတော့ သူ့ရဲ့ စံပြပုဂ္ဂိုလ်ဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် စပိန်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဖာရန်း တောရက်စ်ဟာ ၂၀၂၀ခုနှစ် ဧပြီလကမှ စပိန်လာလီဂါ နာမည်ကြီးကလပ် ဗလင်စီယာအသင်း ကနေ မန်ချက်စတာ စီးတီး အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် အနာဂတ်မှာ အားကိုးရမယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Mirror

ဖာရန်း တောရက်စ်ဟာ ဗလင်စီယာအသင်းမှာ တောင်ပံကစားသမား အဖြစ်သာ ကစားခွင့် ရခဲ့ပေမယ့် မန်ချက်စတာ စီးတီးအသင်းထံ ရောက်လာပြီးချိန်မှာတော့ တောင်ပံတိုက်စစ် ကစားသမား အဖြစ် ပြောင်းလဲ ကစားခဲ့ရသလို တခါတရံ ကွင်းလယ်တိုက်စစ်နဲ့ တချို့အချိန်တွေမှာ ဆိုရင် အသင်းရဲ့ တိုက်စစ်မှူး အဖြစ်ပါ ကစားခဲ့ရပါတယ်။

ဒါကြောင့်ပဲ တောရက်စ်ဟာ စပိန်လက်ရွေးစင် အသင်းမှာပါ တိုက်စစ်မှူး အဖြစ် ရံဖန်ရံခါ ကစားခဲ့ရပြီး တောရက်စ်ဟာ မန်ချက်စတာ စီးတီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၃ပွဲ ပါဝင် ကစားခွင့် ရထားရာ သွင်းဂိုး ၁၆ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

လက်ရှိအချိန်မှာ ခြေထောက်ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဖာရန်း တောရက်စ်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စပိန်အခြေစိုက် သတင်းဌာန တခုနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ရာ သူ့ရဲ့ စံပြပုဂ္ဂိုလ်က ရိုနယ်ဒို ဖြစ်ကြောင်း ပြောပြသွားခဲ့ပြီး ရိုနယ်ဒိုကြောင့်ပဲ ဘောလုံးလောကဟာ တိုးတက် ပြောင်းလဲလာတယ်လို့ ယူဆကြောင်းလည်း ဆိုသွားပါတယ်။

တောရက်စ်က – “ခရစ္စတီယာနို ရိုနယ်ဒိုက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ပါ။ ပြီးတော့ သူ့ကြောင့်ပဲ ဘောလုံးလောကဟာ အများကြီး ပြောင်းလဲသွားတယ်လို့ ထင်ပါတယ်။ သူ့ကြောင့်ပဲ ဘောလုံးလောကမှာ အာဟာရက ဘယ်လောက် အရေးကြီးလဲ ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘာလို့ ဂရုစိုက်သင့်လဲ ၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အမြဲတမ်း ဂရုတစိုက် ထိန်းသိမ်းသင့်တယ် ဆိုတဲ့ အချက်တွေကို လူတွေက ဂရုပြုမိလာတာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။