အက်သလက်တီကို မက်ဒရစ် ၊ လီဗာပူးနဲ့ ချယ်လ်ဆီးအသင်းတို့လို ဥရောပ အင်အားကြီးအသင်းတွေမှာ ကစားဖူးသလို စပိန်လက်ရွေးစင်အသင်းနဲ့ အောင်မြင်မှုပေါင်းများစွာ ရယူနိုင်ခဲ့တဲ့ စပိန် ဂန္တဝင် တိုက်စစ်မှူးကြီး ဖာနန်ဒို တောရက်စ်ဟာ နည်းပြတဦး အဖြစ်နဲ့ ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်လာကြောင်း သိရပါတယ်။

အသက် ၃၇နှစ် အရွယ် ဂန္တဝင် တိုက်စစ်မှူးကြီး တောရက်စ်ဟာ မကြာသေးမီကမှ ဘောလုံး ကစားသမားဘဝ ကနေ အနားယူခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ငယ်ဘဝ အသင်းဟောင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ်အသင်း နည်းပြတဦး အဖြစ်နဲ့ ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။

Photo Credit: AS English

တောရက်စ်ဟာ စပိန်လက်ရွေးစင် အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ၁ကြိမ် ၊ ယူရိုဖလား ၂ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။

တောရက်စ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် သူ့ရဲ့ နည်းပြဘဝကို စတင်ချိန်မှာလည်း အက်သလက်တီကို မက်ဒရစ်ရဲ့ လူငယ်အသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: AS English

အက်သလက်တီကို မက်ဒရစ်အသင်းကလည်း တောရက်စ်ကို သူ လိုချင်တဲ့ နည်းပြရာထူး တနေရာ ပေးကာ ဝမ်းပန်းတသာ ကြိုဆိုခဲ့ပြီး အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ တဆင့် တောရက်စ်ဟာ အသင်းဆီကို ပြန်လာပြီ ဖြစ်ကြောင်း ယမန်နေ့ကပဲ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ တောရက်စ်ဟာ အက်သလက်တီကို မက်ဒရစ်ရဲ့ လူငယ်အသင်း တသင်း ဖြစ်တဲ့ Juvenile Aအသင်းကို နည်းပြ မားကို့စ်နဲ့အတူ ပူးတွဲကိုင်တွယ်ဖို့ ရှိကြောင်း သိရပါတယ်။