ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာမှ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်း ကနေ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ လူငယ် တောင်ပံတိုက်စစ် ကစားသမား ဖာရန်း တောရက်စ် ကတော့ သူဟာ ကမ္ဘာ့အကောင်းဆုံး အသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ကြောင်း ဘာစီလိုနာ ကစားသမားဘဝ ပထမဦးဆုံး ပြုလုပ်တဲ့ အင်တာဗျူးမှာပဲ ထုတ်ဖော် ပြောဆိုသွားပါတယ်။
အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်လက်ရွေးစင် လူငယ်ကြယ်ပွင့် ဖာရန်း တောရက်စ်ဟာ မန်ချက်စတာ စီးတီးအသင်း ကနေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၅၅သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။
Photo Credit: Marca
ညာခြေအားသန် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဖာရန်း တောရက်စ်ဟာ ဘောလုံးစွမ်းရည် ပြည့်ဝတဲ့ ကစားသမား တဦး ဖြစ်သလို ညာတောင်ပံ ၊ ဘယ်တောင်ပံ ၊ ကွင်းလယ်တိုက်စစ် ၊ နောက်ချန်တိုက်စစ် စတဲ့ နေရာစုံမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်တာကြောင့် ဘာစီလိုနာအသင်း ၊ စပိန်အသင်းတို့ကို တချိန်မှာ ဦးဆောင်နိုင်မယ့်သူ အဖြစ် သတ်မှတ်ခံထားရပါတယ်။
ဖာရန်း တောရက်စ်ဟာ ဘာစီလိုနာအသင်းရဲ့ တရားဝင် ကစားသမား ဖြစ်လာခဲ့ပေမယ့် အသင်းရဲ့ လာလီဂါပြိုင်ပွဲဆီ ပေးသွင်းထားတဲ့ ကစားသမား စာရင်းမှာ မပါဝင်သေးတာကြောင့် အသင်းအတွက် ပွဲစဉ်တွေကို ပါဝင် ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။
Photo Credit: Marca
တောရက်စ်ကတော့ သူဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်း ကနေ ရလဒ်ကောင်းတွေ ရဖို့ ရုန်းကန်နေရတဲ့ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့လာရပေမယ့် နောင်တရခြင်း မရှိပဲ ဘာစီလိုနာအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
တောရက်စ်က – “ကျွန်တော်က ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခွင့် ရခဲ့လို့ အတော်လေး ပျော်ရွှင်နေပါတယ်။ အဝတ်လဲခန်းထဲမှာ ရှိနေတဲ့ လူတွေ အကုန်လုံးက လူကောင်းတွေချည်းပါပဲ။ ဒါကြောင့် ကျွန်တော် အသင်းအတွက် ပါဝင် ကစားပေးရမယ့် အချိန်ကို ရောက်ဖို့ မစောင့်နိုင်တော့ပါဘူး။ ဘာစီလိုနာ ဆိုတာ ကမ္ဘာ့အကောင်းဆုံးအသင်းပါ။ ဒါကြောင့် ကျွန်တော်က ကမ္ဘာ့အကောင်းဆုံး အသင်းမှာ ကစားခွင့် ရတဲ့ ကစားသမားပေါ့။ ကျွန်တော်တို့က နှစ်စဉ်နှစ်တိုင်း ဆုဖလားတွေကို စိန်ခေါ်သွားမှာပါ” လို့ ပြောကြားခဲ့တာပါ။