ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ ဥရုဂွေး ကွင်းလယ်လူ တော်ရဲယား ကတော့ စပိန် လာလီဂါ ထိပ်သီး အသင်း တစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိ ရပါတယ်။ အသက် ၂၄ နှစ် အရွယ် ဥရုဂွေး ကွင်းလယ် ခံစစ် ကစားသမား တော်ရဲယားဟာ အာဆင်နယ် အသင်းထံ ၂၀၁၈ ခုနှစ်မှာ ဆမ်ဒိုရီးယားအသင်း ကနေ ပြောင်းရွှေ့ခဲ့သူ တစ်ဦး ဖြစ်ပြီး ဘောလုံး အဖျက်အား ကောင်းမွန်ပေမယ့် သေးကွေးတဲ့ ခန္ဓာကိုယ်ကြောင့် ပရီးမီးယားလိဂ်ရဲ့ ကစားပုံနဲ့ အံဝင်ခြင်း မရှိတာကြောင့် အာဆင်နယ်အသင်း ဟာ သူ့ကို ရောင်းထုတ်ဖို့ ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Football London

ကနဦးမှာတော့ အာဆင်နယ်အသင်းဟာ တော်ရဲယား ကို အပြီးသတ်သာ ရောင်းချချင် ခဲ့ပေမယ့် အက်သလက်တီကို မက်ဒရစ် အသင်းဟာ တော်ရဲယား အတွက် ပြောင်းရွှေ့ကြေးကို ယခု အချိန်မှာ ပေးချေဖို့ အဆင်မပြေတာကြောင့် တစ်ရာသီ အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ သဘောတူညီမှု ရခဲ့တာ ဖြစ်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။ လက်ရှိမှာတော့ အာဆင်နယ် အသင်းနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတို့ ကြားမှာ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ် နေဆဲ ဖြစ်ပြီး ဆွေးနွေးမှုတွေဟာ တော်ရဲယားရဲ့ အငှားစာချုပ်နဲ့ သက်ဆိုင်ခြင်း မရှိပဲ ရာသီကုန်မှာ တော်ရဲယားကို ပြောင်းရွှေ့ကြေး ဘယ်လောက်နဲ့ ခေါ်ယူရမလဲ ဆိုတာကို ဆွေးနွေး နေကြတာ ဖြစ်ကြောင်း နီးစပ်သူတွေရဲ့ အဆိုအရ သိထားရပါတယ်။

Photo Credit: Football London

တော်ရဲယားရဲ့ သတင်းတွေအပေါ် နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ The Athletic သတင်းဌာနကလည်း အတည်ပြု ပေးထားပြီး တော်ရဲယား ဟာ မကြာခင်မှာပဲ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ် လို့ ဆိုပါတယ်။ တော်ရဲယားရဲ့ လက်ရှိ စျေးကွက် တန်ကြေးဟာ ယူရို ၃၀ သန်း ရှိတာကြောင့် အက်သလက်တီကို မက်ဒရစ် အသင်းအနေနဲ့ တော်ရဲယားကို ရာသီကုန်မှာ အပြီးသတ် ခေါ်ယူလိုပါက အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၂၀ သန်း ဝန်းကျင် ပေးချေရနိုင်ကြောင်း ဘောလုံး သုတေသီတွေက သုံးသပ် ထားကြပါတယ်။ ဆက်စပ် သတင်းတွေ အရတော့ အာဆင်နယ် အသင်းဟာ လိုင်ယွန် ကွင်းလယ်လူ အာဝါကို ခေါ်ယူနိုင်ဖို့ ဂျူဗင်တပ်အသင်းထက် ပိုမို ရေပန်းစား နေကြောင်း သိရပါတယ်။