ယနေ့မနက်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပြိုင်ပွဲရဲ့ အစောပိုင်းပွဲစဉ်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းဖြစ်တဲ့ အာဆင်နယ် အသင်းဟာ တစ်ချိန်က ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ပို့စ်မောက်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ယူကာ အက်ဖ်အေဖလားရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ ခြေစွမ်းအရရော ရလဒ်အရပါ အိမ်ရှင်အသင်းထက် အသာစီးရခဲ့တာလည်း ဖြစ်ပါတယ်။

 

Photo Credit: Standrad.com

၂၀၂၀ခုနှစ်မှာ အာတီတာရဲ့ဦးဆောင်မှုနဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ၃၂သင်းအဆင့် မှာ အိုလံပီယာကော့စ်အသင်းကို အမှတ်မထင် ရှုံးနိမ့်ခဲ့တာကလွဲရင် ပုံမှန်ခြေစွမ်းကောင်း တစ်ခုကို ရရှိနေပြီး ပို့စ်မောက်နဲ့ပွဲမှာလည်း အမှားအယွင်းမရှိပဲ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အသင်းအတွက် သွင်းဂိုးတွေကိုတော့ လူငယ်တိုက်စစ်မှူး အမ်ခီတီးယားနဲ့ နောက်ခံလူ ပါပါစတာသို တို့က သွင်းယူပေးခဲ့ကြတာပါ။ ဒါပေမယ့် အဆိုပါပွဲမှာ အားထားရတဲ့ ကွင်းလယ်လူ တော်ရဲယားတစ်ယောက် ခြေကျင်းဝတ်လည်တဲ့ ဒဏ်ရာကို ရရှိခဲ့တာကတော့ အာဆင်နယ်အသင်းအတွက် နစ်နာခဲ့စရာပါပဲ။

Photo Credit: Standard.com

အာတီတာရဲ့လက်အောက်မှာ ကောင်းမွန်တဲ့ခြေစွမ်းတွေကို ထုတ်ပြထားနိုင်ခဲ့တဲ့ တော်ရဲယားဟာ မနေ့ညကပွဲစဉ်မှာလည်း ဒဏ်ရာမရရှိမီအထိ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပို့စ်မောက် အသင်းရဲ့ ကွင်းလယ်လူ ဘော်လ်တန်နဲ့ ထိမိကာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး နောက်ထပ် ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ စီဘယ်လော့နဲ့ လူစားလဲခံခဲ့ရပါတယ်။ သတင်းထောက်တွေရဲ့ ပြောဆိုမှုအရတော့ တော်ရဲယားက ခြေကျင်းဝတ်လည်ခဲ့တာဖြစ်ကြောင်း သိရပြီး သူဟာ ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရဖို့ ရှိတယ် လို့ သိရှိရပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကတော့ ” လူးကပ်(တော်ရဲယား)ဟာ အတော်လေးကို နာကျင်ခဲ့ပုံပါပဲ။ သူ့ရဲ့ ဒဏ်ရာကို ဒီရက်ပိုင်းမှာပဲ စစ်ဆေးသွားမှာဖြစ်ပြီး အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ ပိုသိနိုင်မှာပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။