MySport Myanmar

ဗလင်စီယာဆီ ပြောင်းရွှေ့တော့မယ့် အာဆင်နယ် အပယ်ခံ ကွင်းလယ်လူ တော်ရဲယား

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ကနေ ထွက်ခွာခွင့် ရထားတဲ့ အပယ်ခံ ကွင်းလယ်လူ တော်ရဲယားရဲ့ အေးဂျင့်ဖြစ်သူ ပက်ဘလို ဘန်တန်ကာကတော့ သူ့ရဲ့ ကစားသမားဟာ စပိန်လာလီဂါကလပ် ဗလင်စီယာဆီ ပြောင်းရွှေ့ဖို့ ပဏာမအားဖြင့် သဘောတူညီမှု ရရှိထားကြောင်း တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား တော်ရဲယားက ၂၀၁၈ခုနှစ်မှာ ဆမ်ဒိုရီးယားကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၈.၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့ကာ အသင်းနဲ့ လာမယ့် ဘောလုံးရာသီ အကုန်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပါ။

Photo Credit: Football London

တော်ရဲယားက အာဆင်နယ် အတွက် ပါဝင် ကစားခွင့် ရတဲ့ အချိန်တိုင်းမှာ အားသွန်ခွန်စိုက် ကြိုးစား ကစားလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်ပေမယ့် အရပ်အမြင့် ၅ပေ ၅လက်မကျော်သာ ရှိတာကြောင့် သူက ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ အံဝင်တဲ့ ကွင်းလယ်ခံစစ် ကစားသမား တဦး မဟုတ်တာကြောင့် အာဆင်နယ်က သူ့ကို စာချုပ်သက်တမ်း မတိုးတော့ပဲ အသင်းကနေ ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

တော်ရဲယား ကိုယ်တိုင်ကလည်း သူ့ကို မလိုချင်တော့တဲ့ အာဆင်နယ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာတော့ ဂန္တဝင် ကွင်းလယ်ခံစစ် ကစားသမားကြီး ဂတ်တူဆိုကို နည်းပြသစ် အဖြစ် ခန့်အပ်ထားတဲ့ ဗလင်စီယာက ဂတ်တူဆိုရဲ့ တောင်းဆိုမှုအရ တော်ရဲယားကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ပက်ဘလို ဘန်တန်ကာက သူ့ရဲ့ ကစားသမားဟာ ဗလင်စီယာဆီ ပြောင်းရွှေ့ဖို့ ရှိနေကြောင်း ဆိုပါတယ်။

Photo Credit: Football London

ဘန်တန်ကာက – “ကျွန်တော်တို့က တော်ရဲယားနဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဂတ်တူဆိုနဲ့ ပဏာမ သဘောတူညီမှု ရရှိထားပြီးပါပြီ။ ဒီနေ့မှာပဲ သူ့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်တဲ့ အရေးကြီး အစည်းအဝေး တခုကို ပြုလုပ်ဖို့ ရှိပါတယ်။ အာတီတာကတော့ သူ့ကို ရာသီကြို ခြေစမ်းပွဲတွေမှာ အသုံးပြုဖို့ စီစဉ်နေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version