လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ၂၀၂၁ခုနှစ်ကို အဆုံးသတ်ပြီး နှစ်သစ်တစ်ခုဖြစ်တဲ့ ၂၀၂၂ခုနှစ်ကို စတင်ရောက်ရှိတော့မှာဖြစ်လို့ ၂၀၂၁ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေထဲကမှ ဘောလုံးကွင်း မြက်ခင်းစိမ်းတွေကို ကျောခိုင်းသွားခဲ့ကြတဲ့ နာမည်ကြီး ထိပ်တန်းဘောလုံးသမားကြီးများစွာကို အပြည့်အစုံ ဖော်ပြပေးသွားချင်ပါတယ်။

အဂွဲရိုး

ပြီးခဲ့တဲ့ နွေရာသီကမှ မန်စီးတီးကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီး အဂွဲရိုးကတော့ ဘာစီလိုနာအတွက် (၅)ပွဲသာ ပါဝင်ခဲ့ရပြီး သူရဲ့နှလုံးခုန် ပုံမှန်မဟုတ်ခြင်းကြောင့် အသက်(၃၃)နှစ်အရွှယ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်လိုက်ရပါတယ်။

ရွန်နီ

ဒါဘီမှာ ကစားသမားနည်းပြအဖြစ် တာဝန်ယူနေတဲ့ တိုက်စစ်မှူးဟောင်းကြီး ဝိန်းရွန်နီကတော့ ၂၀၂၁ခုနှစ် နှစ်အစပိုင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီး ဒါဘီအသင်းရဲ့ နည်းပြချုပ်အဖြစ်နဲ့ ဆက်လက်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ရော်ဘင်

၂၀၁၉ခုနှစ်ကတည်းက ဘောလုံးလောကထဲကနေ အနားယူပြီး ၂၀၂ဝမှာ မြက်ခင်းစိမ်းထဲ ပြန်ရောက်လာခဲ့တဲ့ ဒတ်ချ်ဝါရင့် တောင်ပံကစားသမားကြီး ရော်ဘင်ကတော့ ၂၀၂၁ခုနှစ် ဇူလိုင်လမှာပဲ နောက်ထပ်တစ်ကြိမ် ဘောလုံးကစားသမားဘဝကို အဆုံးသတ်သွားခဲ့ပြန်ပါတယ်။

ခီဒီရာ

ဟာသာဘာလင်အသင်းနဲ့ ဘွန်ဒစ်လီဂါဆီ ပြန်လည်ရောက်လာခဲ့တဲ့ ဂျာမနီကွင်းလယ်လူ ခီဒီရာကတော့ အသင်းအတွက် (၈)ပွဲခန့် ကစားလို့အပြီးမှာပဲ သူရဲ့ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ချက်သွားခဲ့ပါတယ်။

ဟန်တယ်လာ

အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ရှော်ကေးအသင်းမှာ လက်ကျန်ရာသီဝက်ကို ပါဝင်ကစားခဲ့ရင်းနဲ့ ဘွန်ဒစ်လီဂါရဲ့ အသက်အကြီးဆုံး ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ်ပါ သတ်မှတ်ခံခဲ့ရတဲ့ ဟန်တယ်လာဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အကုန်မှာပဲ သူရဲ့ကစားသမားဘဝကို အဆုံးသတ်သွားခဲ့ပါတယ်။

နာဆရီ

အန်ဒါလက်ချ်အသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်းကတည်းက ခေါ်ယူမယ့် ကလပ်အသင်းမရှိပဲ အသင်းလက်မဲ့အဖြစ် ကျင်လည်နေခဲ့ရတဲ့ ပြင်သစ်ကြယ်ပွင့်ဟောင်းကြီး နာဆရီကတော့ ၂၀၂၁ခုနှစ် စက်တင်ဘာလမှာပဲ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

ဗလန်စီယာ

ပရီးမီးယားလိဂ်ကနေ ထွက်ခွာသွားအပြီး အီကွေဒေါမှာ ဘောလုံးပြန်ကစားနေတဲ့ ဗလန်စီယာဟာ သူရဲ့နောက်ဆုံးကလပ်အသင်းဖြစ်တဲ့ မက္ကဆီကိုကလပ် Querétaro နဲ့ တစ်ရာသီနီးပါး ဖြတ်သန်းခဲ့အပြီး ၂၀၂၁ခုနှစ် မေလမှာပဲ သူရဲ့ကစားသမားဘဝကို အဆုံးသတ်သွားခဲ့ပါတယ်။

မန်ဇူကစ်ဇ်

မီလန်အသင်းရဲ့ စီမံလန့်ခွဲမှုတွေကို နှစ်သက်ခြင်းမရှိတဲ့အတွက် မီလန်နဲ့ သက်တမ်းတိုးဖို့ မလုပ်ဆောင်ခဲ့တဲ့ မန်ဇူကစ်ဇ်ဟာ ၂၀၂၁ခုနှစ် မေလမှာပဲ အသင်းလက်မဲ့ ကစားသမားတစ်ဦး ပြန်ဖြစ်သွားခဲ့ရပြီး ဘောလုံးဆက်ကစားဖို့ ဆန္ဒမရှိတော့တာကြောင့် စက်တင်ဘာလမှာပဲ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ပါတယ်။