မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ရွိုင်ကိန်းက မနေ့ညက ကျင်းပသွားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်အတွင်း ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေတဲ့ ယူနိုက်တက် ကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ပြီး ထိပ်တန်းဘောလုံးသမားတစ်ယောက်ဆိုတာ တကယ့်ပွဲစဉ်ကြီးတွေမှာ ခြေစွမ်းပြသနိုင်ရတယ်လို့ပါ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ မန်စီးတီးအသင်းကို ဧည့်ခံကစားခဲ့ပြီး ဂျွန်စတုန်းစ် ဖာနန်ဒင်ဟိုတို့ရဲ့သွင်းဂိုးတွေနဲ့ အရေးနိမ့်ခဲ့ကာ လိဂ်ဖလား ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာသွားခဲ့ရပါတယ်။ လိုက်ပ်ဇစ်ကို ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းကတည်းက (၇)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ပဲ ခြေစွမ်းပြသလို့နေတဲ့ ယူနိုက်တက်ဟာ အသင်းအတွက် အရေးပါလှတဲ့ အခုလိုပွဲစဉ်မှာတော့ မြို့ခံပြိုင်ဘက်အသင်းကို အရှုံးပေးခဲ့ရကာ ပြိုင်ပွဲတစ်ခုကနေလည်း ထပ်မံထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။

Photo Credit : Daily Star

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွှက်နေတဲ့ ရွိုင်ကိန်းက “ဒါက မလွယ်ကူပါဘူး။ ဘောလုံးနဲ့ပတ်သက်တဲ့ ဆုဖလားတွေကို ရယူနိုင်ဖို့က မလွယ်ကူပါဘူး။ ဖာနန်ဒက်စ်က ပရိသတ်တွေရဲ့ ချီးကျူးမှုကို ပြီးခဲ့တဲ့လတွေကတည်းက ရရှိလာခဲ့တာဖြစ်သလို တချို့ပရိသတ်တွေကလည်း သူ့ကို အဲရစ်ကန်တိုနာနဲ့ပါ ခိုင်းနှိုင်းမှုတွေကို လုပ်ဆောင်လာခဲ့ကြပါတယ်။ ဒါပေမယ့် ကန်တိုနာက ဆုဖလားတွေကို ပိုင်ဆိုင်ခဲ့တယ်။ ဖာနန်ဒက်စ်က ဒီနေ့ညပွဲမှာ ခြေမပေါ်နိုင်ခဲ့ပါဘူး။ ထိပ်တန်းကစားသမားတွေဆိုတာ ပွဲကြီးတွေမှာ တစ်ခုခုလုပ်ပြနိုင်ရတယ်။ ကန်တိုနာဆိုရင် သူရဲ့စွမ်းဆောင်ရည်တွေနဲ့ အသင်းကို ဆုဖလားတွေ ရယူပေးနိုင်ခဲ့တယ်။ အသင်းကလည်း ကစားသမားတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ကို ထပ်မံအားဖြည့်ခေါ်ယူဖို့ သေချာပေါက်ကို လိုအပ်နေပါတယ်။ ဒါက သံသယတောင် မရှိနိုင်ပါဘူး။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာ အားကောင်းနေဖို့လည်း လိုတယ်။ အခုလို ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကျော်ဖြတ်နိုင်မယ့်ဆိုတဲ့ ယုံကြည်မှုတွေကိုလည်း ကစားသမားတွေရော နည်းပြအဖွဲ့ဝင်တွေမှာပါ မွေးမြူထားဖို့ လိုအပ်ပါတယ်။ ဒီညပွဲစဉ်မှာတော့ သူတို့ ဒါတွေ ပျောက်ဆုံးနေခဲ့ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ မနေ့ညက မန်ချက်စတာဒါဘီပွဲစဉ်အတွင်းမှာ ရုန်းကန်ခဲ့ရပြီး အနိုင်ရလိုစိတ်လည်း ပျောက်ကွယ်နေခဲ့တယ်လို့ ရွိုင်ကိန်းက ဝေဖန်သွားခဲ့ပါတယ်။